Thursday, October 2, 2014

မြန်မာ-ထိုင်းနယ်စပ်ရှိ မောတောင်နယ်စပ်နှင့် ကုန်သွယ်မှုပြုရန် ထိုင်းနိုင်ငံ ဒန်းသိန်ခွန်းဂိတ်ပေါက်ကို လာမည့် ဒီဇင်ဘာတွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်မည်

 မြန်မာ-ထိုင်းနယ်စပ်ရှိ မောတောင်နယ်စပ်နှင့် ကုန်သွယ်မှုပြုရန် ထိုင်းနိုင်ငံ ဒန်းသိန်ခွန်းဂိတ်ပေါက်ကို လာမည့် ဒီဇင်ဘာတွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်မည်

ဇော်မိုးဦး (မြိတ်)
Eleven Media Group

မြန်မာ-ထိုင်းနယ်စပ်ရှိ မောတောင်နယ်စပ်နှင့် ကုန်သွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ထိုင်းနိုင်ငံမှ ဒန်းသိန်ခွန်း (Singkhorn Pass) ဂိတ်ပေါက်အား လာမည့်ဒီဇင်ဘာတွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ ပရာကျွတ်ကရိခံ ခရိုင်ဝန်က ပြောကြားခဲ့ကြောင်း သိရသည်။



တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ်နှင့် ထိစပ်လျက်ရှိသော၊ ဒန်းသိန်ခွန်း (Singkhorn Pass) မှာ ထိုင်းနိုင်ငံ၊ ပရာကျွတ်ကရိခံခရိုင်၊ ခေါင်ဝမ် ကျေးရွာအုပ်စုအတွင်းရှိ ဒန်းသိန်ခွန်းကျေးရွာတွင် တည်ရှိပြီး ထိုင်းနိုင်ငံမှ အဆိုပါဂိတ်ပေါက်အား ယခုအထိ ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

မြန်မာနိုင်ငံဘက်မှ ကုန်သွယ်မှုပြုလုပ်နိုင်ရန်အတွက် မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းအား ၂ဝ၁၃ ခုနှစ် မေ ၈ ရက်တွင် ဖွင့်လှစ်ထားခဲ့သော်လည်း ထိုင်းနိုင်ငံရှိ ဒန်းသိန်ခွန်းဂိတ်အား လာမည့် ၂ဝ၁၄ ဒီဇင်ဘာလတွင် ဖွင့်လှစ်နိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း သိရသည်။

“နယ်စပ်ကုန်သွယ်ရေး အမြန်ဆုံးပြုလုပ်နိုင်ဖို့ ကျွန်တော်တို့ ပြီးခဲ့တဲ့စက်တင်ဘာ ၂၅ ရက်မှာ ထိုင်းနိုင်ငံ၊ ပရာကျွတ်ကိုသွားပြီး ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ဆီက တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့်  အဖွဲ့ဝင် ၅၆ ဦးပါဝင်ပြီး ထိုင်းနိုင်ငံက ပရာကျွတ်ခရိုင်ဝန် အပါအဝင် အဖွဲ့ဝင် ၅၂ ဦး တက်ရောက် ဆွေးနွေးခဲ့တာပါ။ အဲဒီမှာထိုင်းနိုင်ငံကနေ ဒန်းသိန်ခွန်းဂိတ်ပေါက်ကို လာမယ့် ဒီဇင်ဘာလလောက်မှာ ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်မယ့် အကြောင်း ပရာကျွတ် ခရိုင်ဝန်က ဆွေးနွေးပြောကြား ခဲ့တယ်။ ပြည်ထဲရေးဝန်ကြီးဌာနကို အချက်အလက်တွေ စုစည်းတင်ပြ ထားပြီးဖြစ်တဲ့အတွက် သူတို့အနေနှင့်လည်း ဒီဇင်ဘာလလောက်မှာ ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်ထားကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်” လို့ မြိတ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနန္ဒက ပြောကြားသည်။

ထိုင်းနိုင်ငံအနေဖြင့်လည်း မောတောင်နယ်စပ်နှင့် ထိစပ်လျက်ရှိသော အဆိုပါ ဒန်းသိန်ခွန်းဂိတ်ပေါက်အား အမြန်ဆုံးဖွင့်လှစ်ရန် လိုလားနေသော်လည်း နိုင်ငံရေးအပြောင်းအလဲများနှင့် လုံခြုံရေးကောင်စီ၏ အဆုံးအဖြတ်ကို စောင့်ဆိုင်းနေရသောကြောင့် ကြန့်ကြာနေခြင်းဖြစ်ကြောင်း သိရသည်။

ဒန်းသိန်ခွန်းဂိတ်ပေါက်အား ထိုင်းနိုင်ငံမှ ဖွင့်လှစ်ပေးရန်အတွက် ခရိုင်အဆင့်အရာရှိများ၏ ဆုံးဖြတ်ချက်နှင့်မပြီးဘဲ ထိုင်းနိုင်ငံ၏ လုံခြုံရေးကောင်စီနှင့် ပြည်ထဲရေးဌာနများ၏ ခွင့်ပြုချက်များဖြင့်သာ ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ လမ်းပန်းဆက်သွယ်မှုအပိုင်းကတော့ ပွင့်လင်းရာသီရောက်လာပြီဆိုတော့ လမ်းအနေအထားတွေကကောင်းလာပါပြီ။ သူတို့ဆီကထောက်ပြနေတဲ့ လမ်းတံတားကြံ့ခိုင်မှု အပိုင်းတွေကိုလည်း ဆောင်ရွက်နေပါပြီ။ထိုင်းကလမ်းဖောက်လုပ်ရေးလုပ်ငန်းသမားတွေလည်း ကူညီဆောင်ရွက်ပေးနေပါတယ်” ဟု မြန်မာနိုင်ငံမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြိတ်မှ ၁၂၃ မိုင်ကွာဝေးသော မောတောင်နယ်စပ်ဂိတ်သို့ ခုနစ်နာရီခန့်ကားဖြင့် သွားလာနေရပြီး မောတောင်နယ်စပ်မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ လေးနာရီခရီးခန့်သာကွာဝေးကြောင်း သိရသည်။

မောတောင်-ဒန်းသိန်ခွန်းဂိတ်မှနှစ်နိုင်ငံကုန်သွယ်မှု အပြန်အလှန်ပြုလုပ်လာနိုင်ပါက တနင်္သာရီတိုင်းဒေသကြီး၏ အဓိကပို့ကုန်ဖြစ်သော ရေထွက်ပစ္စည်းများကို ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ၁ဝ နာရီအတွင်းပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

0 comments: