Saturday, February 15, 2014

မြိတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ဖလား ရပ်ကွက်နှင့် ကျေးရွာအုပ်စု ပေါင်းစုံ ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မြိတ်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ ဖလား ရပ်ကွက်နှင့် ကျေးရွာအုပ်စု ပေါင်းစုံ ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အနားကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ (၃) နာရီ အချိန်တွင် မြိတ်မြို့ ကန်ဖျားရပ်ရှိ မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် အစိုးရအဖွဲ့ဝင် တိုင်းဒေသကြီး ၀န်ကြီးများ ၊ တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးထင်အောင်ကျော်နှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ ၊ ပြည်သူလူထုများ စုစုပေါင်း အင်အား တစ်သောင်းခန့် ကွင်းလုံးပြည့် အားပေးကြသည်။



ဆုပေးပွဲ မစတင်မီ နောက်ဆုံး ဗိုလ်လုပွဲသို့ တက်ရောက်လာသည့် မြိတ်တောင်ရပ်ကွက် ဘောလုံး အသင်းနှင့် အလယ်ကျွန်း ရပ်ကွက် ဘောလုံး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပွဲချိန် မိနစ် (၉၀)နှင့် အချိန်ပို အထိ ဂိုးမရှိ သရေဖြစ်နေသောကြောင့် ပယ်နတီ အဆုံးအဖြတ်ဖြင့် ယှဉ်ပြိုင်ခဲ့ရာ အလယ်ကျွန်းရပ်ကွက် ဘောလုံး အသင်းက မြိတ်တောင်ရပ်ကွက် ဘောလုံးအသင်းအား (၄-၂) ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

ထိုနောက် ဆုရရှိသူ ဘောလုံးအသင်းများနှင့် တစ်ဦးချင်း နေရာလိုက် အကောင်းဆုံးဆုများ ချီးမြှင့်ခဲ့ရာ တစ်ဦးချင်း နေရာအလိုက် အကောင်းဆုံးဆုများအား တာဝန်ရှိသူ အသီးသီးက ချီးမြှင့်ပေးခဲ့ပြီးနောက် အသင်းလိုက် အသန့်ရှင်းဆုံးဆုရရှိသည့် အင်္ဂမော် ကျေးရွာ ဘောလုံးအသင်းအား ပုလောမြို့နယ် ကျွန်းစုမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီကလည်းကောင်း၊ တတိယဆုရ စန္ဒ၀တ်ကျေးရွာ ဘောလုံး အသင်း အတွက် ဆုဆွဲပြားကို တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာ ကျော်ဆန်းက လည်းကောင်း၊ ငွေသားဆုကို မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ယုဇန ကုမ္ပဏီ ၀ဏ္ဏကျော်ထင် ဦးဌေးမြင့်က လည်းကောင်း၊ ဆုဖလားအား ကော့သောင်းမြို့နယ် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက လည်းကောင်း ပေးအပ်ချီးမြင့်သည်။ ထိုနောက် ပူးတွဲ  တတိယဆုရ ကန်ခေါင်းရပ်ကွက် ဘောလုံး အသင်း အတွက် ဆုဆွဲပြားကို တိုင်းဒေသကြီး သစ်တောနှင့် သတ္တု ၀န်ကြီး ဦးတင်စိုးကလည်းကောင်း၊ ငွေသားဆုကို မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ယုဇန ကုမ္ပဏီ ၀ဏ္ဏကျော်ထင် ဦးဌေးမြင့်က လည်းကောင်း၊ ဆုဖလားအား ကော့သောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက လည်းကောင်း ချီးမြင့်သည်။

ဆက်လက်ပြီး ဒုတိယဆုရ မြိတ်တောင်ဘောလုံး အသင်းအား ဆုများပေးအပ် ချီးမြင့်ရာ မြိတ်မြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရှန်က ဆုဆွဲပြားအားလည်းကောင်း၊ ငွေသားဆုကို မြိတ်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ယုဇန ကုမ္ပဏီ ၀ဏ္ဏကျော်ထင် ဦးဌေးမြင့် နှင့် မြိတ်အများပိုင် ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးစိုးစိုးက လည်းကောင်း၊  ဆုဖလားအား ပုလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လှက လည်းကောင်း ပေးအပ်ချီးမြှင့်သည်။

ထိုနောက် ဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲသွားမည့် ပထမဆုရ အလယ်ကျွန်းရပ်ကွက် ဘောလုံးအသင်း အတွက် ဆုဆွဲပြားအား တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးထင်အောင်ကျော်ကလည်းကောင်း၊ ငွေသားဆု အား မြိတ်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ယုဇန ကုမ္ပဏီ ၀ဏ္ဏကျော်ထင် ဦးဌေးမြင့် နှင့် မြိတ်အများပိုင် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးလှသန်းက လည်းကောင်း၊ ပထမ ဆုဖလားအား တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုက လည်းကောင်း ပေးအပ်ချီးမြှင့်ပြီး ဆုပေးပွဲ အခမ်းအနား ပြီးမြောက်ခဲ့သည်။


အဆိုပါ ဘောလုံး ပြိုင်ပွဲအား ယုဇန ကုမ္ပဏီ မှ အဓိက ပံ့ပိုးပေးပြီး နေရာလိုက် အကောင်းဆုံး တစ်ဦးချင်း ဆုရရှိသည့် အားကစား သမား (၅)ဦးအား တစ်ဦးလျှင် ကျပ်(၁)သိန်း၊ အသန့်ရှင်းဆုံးဆုရ အသင်းအား ကျပ် (၃)သိန်း၊ တတိယ နှင့် ပူးတွဲ တတိယ ဆုရရှိသည့် အသင်း နှစ်သင်းအား ကျပ် (၁၀)သိန်းစီ၊ ဒုတိယ ဆုရရှိသည့် အသင်းအား ကျပ်သိန်း (၂၀)၊ တတိယ ဆုရရှိသည့် အသင်းအား ကျပ်သိန်း (၃၀) ချီးမြှင့်ခဲ့ပြီး မြိတ်အများပိုင် ကုမ္ပဏီမှလည်း ပထမ ဆုရရှိသည့် အသင်းသား ကျပ် (၁၀)သိန်း ၊ ဒုတိယဆုရရှိသည့် အသင်းအား ကျပ် (၅)သိန်း ထပ်မံ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။ 

0 comments: