Wednesday, February 5, 2014

မြိတ်မြို့ ရွှေနန်းတော် မုန့်တိုက်မှ ကျပ် သိန်း (၂၅၀) ကျော် တန်ဖိုးရှိ စိန်နှင့် ရွှေထည် ပျောက်ဆုံးမှု (၅) ရက်အတွင်း တရားခံ ဖမ်းမိ၊ တရားခံမှာ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ တစ်ဦးဖြစ်

မြိတ်မြို့ တောရကျောင်း ရပ်ကွက်ရှိ ရွှေနန်းတော် မုန့်တိုက် နေအိမ်တွင် ပျောက်ဆုံးသွားသော တန်ဖိုး ကျပ်သိန်း (၂၅၀)ကျော် ရှိ ရွှေနှင့် စိန်ထည် ပစ္စည်များနှင့် လက်ကိုင်ဖုန်း ခိုးယူသူ တရားခံအား မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း ဖော်ထုတ်မှု အရ  (၅) ရက် အတွင်း ဖမ်းဆီးမိကြောင်း သိရသည်။
 

ဖြစ်စဉ်မှာ မြိတ်မြို့ ရွှေနန်းတော် မုန့်တိုက်ပိုင်ရှင် ဒေါ်ရှုစိန်သည် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၂၄) ရက်နေ့ ညနေခင်းပိုင်းတွင် ထားဝယ်စု ရပ်ကွက်ရှိ ရွှေနန်းတော် မုန့်တိုက်အိမ်တွင် ထားရှိသော ရွှေ၊ စိန်ထည် ပစ္စည်းများအား အလှူပွဲတွင် ၀တ်ဆင်ရန်အတွက် ကြိုတင်ယူထားကာ တောရကျောင်း ရပ်ရှိ နေအိမ် အိမ်ခန်း ပေါ်တွင် လက်ကိုင်အိတ်အတွင်း ထည့်လျက် ထားရှိပြီး ၂၆ ရက်နေ့ မနက် အိပ်ယာမှ ထကာ (၈) နာရီ အချိန်ခန့်တွင် ရွှေ၊ စိန်ထည် ပစ္စည်း (၇)မျိုး၊ ဖုန်း (၁)လုံး စုစုပေါင်း တန်ဖိုး (၂၅၀)သိန်းကျော် ခန့် ပျောက်ဆုံးနေသဖြင့် မြိတ်မြို့မ ရဲစခန်းသို့ တိုင်တန်းသောကြောင်း ရဲစခန်းမှ (ပ)၇၁/၂၀၁၄၊ ပြစ်မှု ပုဒ်မ (၃၈၀)ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်ခဲ့သည်။

ထိုအမှုအား မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်၏ လမ်းညွှန်မှု၊ မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဦး၏ အနီးကပ် ကြီးကြပ်မှုဖြင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်မြင်စိုးနှင့် တပ်ဖွဲ့ဝင်များမှ တရားခံ ဖမ်းဆီးရမိရေးနှင့် သက်သေခံ ပစ္စည်းများ ပြန်လည် ရရှိရေးအတွက် ပျောက်ဆုံး ပစ္စည်း ပုံစံအား အနီးစပ်ဆုံး ရေးဆွဲပြီး မြိတ်မြို့ပေါ်ရှိ ရွှေဆိုင်များအား ဖြန့်ဝေခြင်း၊ အခြား ရဲစခန်း အပိုင်များသို့ ပစ္စည်းပျောက် ကြေညာ ပေးပို့ခြင်းများ ဆောင်ရွက်ခြင်း၊ ခိုးမှုကျူးလွန်ပြီး ပြစ်ဒဏ်ကျခံရကာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူများအား စောင့်ကြည့်ခြင်း၊ ရွှေဆိုင်များတွင် သက်သေခံ ပစ္စည်းများ စုံစမ်းခြင်းတို့ ဆောင်ရွက်ခဲ့ရာ ဇန်န၀ါရီလ (၂၇) ရက်နေ့တွင် ဆိပ်ငယ်ဈေးကြီးရှိ ရွှေဆိုင် တစ်ဆိုင်သို့ မသင်္ကာဖွယ်ရာ လူတစ်ဦး ရွှေလက်ကောက် တစ်ကွင်းအား လာရောက်ရောင်းချစဉ် ဘောက်ချာမပါသောကြောင့် မ၀ယ်ယူဖြစ်ခဲ့ကြောင်း၊ သတင်းရရှိပြီး ရွှေဆိုင် ပိုင်ရှင်အား လာရောက်ရောင်းချသူ၏ ပုံသဏ္ဍာန်ကို မေးမြန်းရာ ဆိုင်ပိုင်ရှင်၏ ပြောပြချက်အရ ဓာတ်ပုံမှတ်တမ်းများဖြင့် တိုက်ဆိုင် စစ်ဆေးရာ လွတ်ငြိမ်း ချမ်းသာခွင့်နှင့် လွတ်မြောက်လာသူ ထွန်းကျော် (ခ) ပုလောသား ၏ ပုံသဏ္ဍန်နှင့် အနီးစပ်ဆုံး တူညီနေဖြင့် စုံစမ်းဆောင်ရွက်ခဲ့ရာ ၄င်းထွန်းကျော်(ခ) ပုလောသားသည် ၄င်း၏ ခယ်မ ဖြစ်သူ ရာပြည့်ရပ်ကွက် (၄)လမ်းရှိ နေအိမ်တွင် (၂) ညအိပ် တည်းခိုသွားကြောင်း ၊ တနင်္သာရီ ဘက်သို့ (၂၈) ရက်နေ့တွင် ထွက်ခွာသွားကြောင်း စုံစမ်း စစ်ဆေးရ သဖြင့် ဒုရဲအုပ် အောင်မြင့်စိုးနှင့် တနင်္သာရီမြို့နယ်ရှိ တပ်ဖွဲ့ဝင်များ၊ မောတောင် နယ်စပ် ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ ပူးပေါင်း စုံစမ်းမှုကြောင့် တရားခံအား (၃၁-၁-၂၀၁၄) ရက်နေ့ ည (၁၁) နာရီ အချိန်တွင် တနင်္သာရီ မြို့နယ်၊ မောတောင်မြို့ ဗန္ဓုလ ရပ်ကွက် ခရေလမ်းရှိ ဒေါ်လှစိန် နေအိမ်တွင် ခိုးရာပါ ရွှေနှင့် စိန်ထည် ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး သက်သေခံ ပစ္စည်းများအား စစ်ဆေးခဲ့ရာ တိုင်ချက်ပါ ပစ္စည်း (၈)မျိုး အနက် အလေးချိန် (၅)မူးသားရှိ လက်စွပ်တစ်ကွင်းနှင့် ဖုန်းနံပတ် ၀၉၈၇၆……….. ၏ ဖုန်းဆင်းကတ် ပါလာခဲ့ခြင်း မရှိကြောင်း နှင့် ၄င်း လက်စွပ်အား ခိုးယူလာသော လက်ကိုင်အိတ်နှင့် ဖုန်းဆင်းကတ်အား စွန့်ပစ်စဉ် ထိုလက်စွပ် တစ်ကွင်း ပါသွားနိုင်သည်ဟု ထွက်ဆို ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ္စည်းပျောက်မှုသည် အချင်းဖြစ် သိရှိသည့်နေ့မှ (၅)ရက် အတွင်း ပျောက်ဆုံး ရွှေ၊ စိန်ထည် ပစ္စည်း (၇)မျိုး၊ ဖုန်းတစ်လုံး တန်ဖိုး စုစုပေါင်း ကျပ်သိန်း (၂၅၀)ကျော်အနက် တရားခံနှင့် အတူ သက်သေခံ ရွှေ၊ စိန်၊ ထည် ပစ္စည်း (၆)မျိုး ဖုန်း တစ်လုံး ၊ တန်ဖိုး ကျပ်သိန်း (၂၄၇)သိန်းကျော် တို့အား ဖော်ထုတ် သိမ်းဆည်း နိုင်ခဲ့သဖြင့် တရားခံ ဖြစ်သူ ထွန်းကျော် (ခ) ပုလောသား ၊ (၃၀)နှစ်၊ (ဘ) ဦးကျော်ရှိန်၊ (မိ) ဒေါ်ခင်မူ၊ MYK - ၀၀၅၅၈၃၅ ၊ ရာမညလမ်း၊ (၄) ရပ်ကွက် ပုလောမြို့ နေသူအား တရားစွဲဆိုနိုင်ရေး ဖမ်းဆီး စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

0 comments: