Thursday, July 10, 2014

မြိတ်ခရိုင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ ဖွဲ့စည်း

မြိတ်ခရိုင်အတွင်းရှိ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ ဖွဲ့စည်းခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၄ ခုနှစ် ၊ ဇူလိုင်လ (၉) ရက်နေ့ နံနက် (၁၀) နာရီက မြိတ်မြို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ကျွန်းရတနာ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လျှပ်စစ်နှင့် စက်မှု ၀န်ကြီး ဦးဝင်းဆွေ၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း နှင့် ဌာနဆိုင်ရာများ ၊ မြိတ်မြို့နယ် အတွင်းရှိ ဗုဒ္ဓဘာသာ၊ အစ္စလာမ် ဘာသာ၊ ခရစ်ယာန်ဘာသာ ၊ ဟိန္ဒူဘာသာ တို့မှ ဘာသာရေး ၊ လူမှုရေး ခေါင်းဆောင်များ ၊ ထားဝယ်ခရိုင် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့ ၀င်များ တက်ရောက် ခဲ့သည်။ 




ထိုအစည်းအဝေးတွင်  တက်ရောက် လာကြသူများက တစ်ဦးချင်း မိတ်ဆက်ကြပြီးနောက် တိုင်းဒေသကြီး ၀န်ကြီး ဦးဝင်းဆွေက အမှာစကား ပြောကြားရာတွင် တစ်ဦးနှင့် တစ်ဦး တစ်ဖွဲ့နှင့် တစ်ဖွဲ့ ကူးလူး ဆက်ဆံ နေထိုင်လျက်ရှိကြောင်း ၊ ခွဲခြားစရာ အကြောင်း မရှိကြောင်း၊ ခွဲလဲခွဲခြား ခဲ့ခြင်း မရှိကြောင်း၊ ၊ ဒါပေမယ့် ပြီးတဲ့ နှစ်ပိုင်းတွင် မြန်မာနိုင်ငံ အနှံ့အပြား၌ ရာဇ၀တ်မှုများကို အခြေခံပြီး ဘာသာရေး အသွင် ၊ လူမျိုးအသွင် ဆူပူလှုပ်ရှားမှုများ ဖြစ်ပေါ်လာ ခဲ့ကြောင်း၊ ထိုဖြစ်ရပ်များသည် ဆိုးဝါးတဲ့ ခါးသီးတဲ့ စိတ်မချမ်းမြေ့ဖွယ် အခြေအနေများ ဖြစ်ကြောင်း၊ ထိုအခြေအနေမျိုးကို ကာကွယ် တားဆီး ပညာပေး ဆွေးနွေးရန်နှင့် ဖြစ်ပွား လာခဲ့ရင်လည် ငြိမ်ဝပ်ပိပြားအောင် ဆောင်ရွက်ဖို့ ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့ကို ကူညီပေးနိုင်ဖို့ အတွက် ၊ နောင်အလားတူ ဖြစ်စဉ်မျိုး မပေါ်ပေါက်စေရေးအတွက် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ဖို့၊ ဘာသာပေါင်းစုံ ပူးတွဲပြီး နေထိုင်ကြဖို့ လိုအပ်ကြောင်း၊ မြိတ်ခရိုင်အတွင်းတွင် ဘာသာပေါင်းစုံသည် တစ်ဦးနှင့် တစ်ဦး မိတ်ဆွေများ ဖြစ်ကြကြောင်း၊ တစ်မြေတည်းနေ၊ တစ်ရေ တည်းသောက် လူအဖွဲ့အစည်း အသိုင်း အ၀ိုင်း တစ်ခုတည်း နေထိုင်ကြကြောင်း၊ ဒီမှာမှာမွေး၊ ဒီမြေမှာ ကြီး၊ ဒီမြေမှာ ပညာသင်ပြီး ၊ ဒီမြေမှာပင် အသက်မွေး ၀မ်းကျောင်းပြုပြီး ဒီမြေမှာပင် သေဆုံးကြမည့် သူများ ဖြစ်ကြောင်း ၊ ထို့အတွက်ကြောင့် အယူအဆ ကိုးကွယ်ရာ မတူသော်လည်း ကွဲပြားစရာ မရှိကြောင်း၊ အတူတစ်ကွ ပူးပေါင်းပြီး နေထိုင် သွားမည် ဖြစ်ကြောင်း ၊ ထို့အတွက်ကြောင့် မြိတ်ခရိုင် အတွင်း ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ ကို ဖွဲ့စည်း ဆောင်ရွက် သွားရန် လိုအပ်သဖြင့် ယနေ့ မြိတ်ခရိုင် အတွင်း ဖွဲ့စည်းရေး ဆောင်ရွက် မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ထိုနောက် ထားဝယ် ခရိုင် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့ နာယက ဦးဘမြင့်နှင့် ဥက္ကဋ္ဌ ဦးထွန်းကြည်တို့က ထားဝယ်ခရိုင်အတွင်း ဖွဲ့စည်းပြီးအခြေအနေနှင့် လှုပ်ရှား ဆောင်ရွက်မှု အခြေအနေများ ရှင်းလင်း ဆွေးနွေးသည်။ ထိုနောက် အစည်းအဝေး တက်ရောက် လာကြသော ဗုဒ္ဓဘာသာ၊ အစ္စလာမ် ဘာသာ၊ ခရစ်ယာန်ဘာသာ ၊ ဟိန္ဒူဘာသာ တို့မှ ဘာသာရေး ၊ လူမှုရေး ခေါင်းဆောင်များ က ဆွေးနွေး တင်ပြသည်။ ပြီးနောက်  မြိတ်ခရိုင် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့အား ဗုဒ္ဓဘာသာ၊ အစ္စလာမ် ဘာသာ၊ ခရစ်ယာန် ဘာသာ ၊ ဟိန္ဒူဘာသာ တို့မှ ဘာသာ တစ်ခုလျှင် (၉)ဦးစီဖြင့် စုစုပေါင်း (၃၆) ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ 

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ကို  မြန်မာနိုင်ငံအတွင်းရှိ  မတူကွဲပြားသော ဘာသာဝင် အချင်းချင်း အပြန်အလှန်လေးစားလျက် အတူတကွ အေးချမ်းသာယာစွာ နေထိုင်ကြရန်၊ ပဋိပက္ခများ မဖြစ်ပေါ် စေရေး အတွက် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလ (၃၁) ရက်နေ့ ကတည်းက မြန်မာနိုင်ငံ အတွင်း အမြုတေ ဖွဲ့စည်းခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်တွင် အဖွဲ့အခြေခံ စည်းမျဉ်းအား ရေးဆွဲ အတည်ပြု ခဲ့ပြီး ယခုအချိန်တွင် မြန်မာတစ်နိုင်ငံ ဖွဲ့စည်းဆောင်ရွက် လျက် ရှိကြောင်းနှင့် ၄င်း အဖွဲ့အား ဗဟိုအဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ရပ်ကွက်/ကျေးရွာ အဆင့်တို့တွင် ဖွဲ့စည်းရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရသည်။

0 comments: