Tuesday, July 8, 2014

မြိတ်မြို့ ဌာနဆိုင်ရာ သတင်းများ

မြိတ်မြို့တွင် ၀ါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ

( မြိတ် ဇူလိုင် ၇ ရက် )

မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူး၍ ၀ါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနားကို ဇူလိုင်လ(၆)ရက် နေ့လယ်(၁)နာရီက စေတီတော် ဗုဒ္ဓသာသန ဗိမာန် တော်တွင် ကျင်းပရာ စေတီတော် သြ၀ါဒစရိယဆရာတော်များ၊ ဆရာတော် သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီးများ၊ သူတော်ကောင်းအပေါင်းတို့ တက်ရောက်ခဲ့ကြသည်။

 ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာကြသော ဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ ( ၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။ ယင်း နောက် ဧည့်ပရိတ်အပေါင်းက တနင်္သာရီ တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ဥက္ကဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကောဏ္ဍည ကန်သာကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာ တော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များနာယူကြသည်။

ဆက်လက်၍ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် စေတနာရှင် အလှူရှင်များက စေတီတော် ဗုဒ္ဓသာသနဗိမာန်တော်တွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် ဗုဒ္ဓရုပ် ပွားတော်မြတ်အား ရွှေကြာသင်္ကန်းဆက်ကပ်လှူဒါန်းကြပြီး သြ၀ါဒစရိယဆရာတော်များ၊ ဆရာတော် သံဃာတော် အရှင်သူ မြတ်များ၊ သီလရှင်ဆရာကြီးများအား ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထိုနောက် ကန်သာကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရားနာ ယူကြပြီး
ရေစက်သွန်းချ အမျှဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနာစိရံတိဌတု(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြ သည်။ အခမ်းအနားတွင် သြ၀ါဒစရိယဆရာတော်(၇)ပါး၊ ဆရာတော် သံဃာတော် အရှင်သူမြတ်(၁၀၈)ပါး၊ သီလရှင်ဆရာကြီး(၁၆)ပါးတို့အား ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ကုသိုလ်ယူခဲ့ကြကြောင်း သတင်း ရရှိသည်။

နည်းပညာတက္ကသိုလ်(မြိတ်) ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

( မြိတ် ဇွန် ၇ ရက် )

နည်းပညာတက္ကသိုလ်(မြိတ်)မှ ကျောင်းသား/သူများအား ကျောင်းပညာရပ်များအပြင် ဘက်စုံထူး ချွန်သော လူငယ်မောင်မယ်များ ပေါ်ထွန်းစေရန် ရည်ရွယ်၍ ဘာသာရပ်ပေါင်းစုံ
ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်လ(၇)ရက် နေ့လယ်(၃)နာရီက မြိတ်မြို့ မြို့မအားကစားကွင်းတွင် ကျင်းပရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာနဆိုင်ရာများ၊ ဆရာ/မများနှင့် ကျောင်း သား /သူများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။

ရှေးဦးစွာ ဗိုလ်လုပွဲကျင်းပရာ Mechanical A အသင်းနှင့် Mechanical B အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ Mechanical A အသင်းက (၇)ဂိုး(၆)ဂိုးဖြင့် အနိုင်ရရှိသည်။ ယင်းနောက် ဆုချီးမြှင့်ပွဲကျင်းပရာ ပြိုင်ပွဲတလျှောက် အကောင်းဆုံးအားကစားသမားများဆုများ၊ ဒုတိယဆုနှင့် ပထမဆုရရှိသော ဘောလုံးအသင်းများအား လည်ဆွဲဆုတံဆိပ်များ၊ ငွေသားဆုများ အား တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပထမရရှိသော အသင်းအား တံချွန်စိုက် ဆုဖလားကို မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ပေးအပ်ချီးမြှင့်ပြီး အခမ်းအနားရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ နိုင်ငံတော်၏ ပြုပြင် ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်မှု Third Wave လုပ်ငန်းစဉ်(၁) အကောင်အထည်ဖော်ဆောင်ရွက်မှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

( မြိတ် ဇူလိုင် ၇ ရက် )

မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ နိုင်ငံတော်၏ ပြုပြင် ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်မှု Third Wave လုပ်ငန်းစဉ်(၁) အကောင်အထည်ဖော်ဆောင်ရွက်မှု အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လ(၆)ရက် နံနက် (၁၀း၂၅)နာရီက မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့ ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးချစ်စိန်က အမှာစကားပြော ကြားသည်။ ယင်းနောက် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်က မြိတ်ခရိုင်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ ဆောင်ရွက်နေ မှုနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ကဏ္ဍအလိုက်ဆွေးနွေးတင်ပြကြရာ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး က ဆွေးနွေးချက်များ နှင့် ပတ်သက်၍ ပြည်သူ့ဘ၀လုံခြုံရေးအတွက် အရှိန်အဟုတ်မြှင့် တင်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များ အား ချမှတ်အတည်ပြုသည်။ ထိုနောက် တိုင်းဒေသကြီးရဲတပ်ဖွဲ့ ဒုတိယရဲတပ်ဖွဲ့မှူးက ဆွေးနွေးချက်များ နှင့်ပတ်သက်၍
ဖြည့်စွက်ဆွေးနွေးပြောကြား၍ အလုပ်ရုံဆွေးနွေးပွဲ ရုပ်သိမ်းလိုက်ကြောင်း သတင်း ရရှိသည်။

မြိတ်ပြန်ဆက်

0 comments: