Monday, September 22, 2014

မြိတ်မြို့နယ် ဓမ္မစကူးလ်ဖောင်ဒေးရှင်း ကော်မတီ ဖွဲ့စည်း

မြိတ်မြို့တွင် လူငယ်လူရွယ် များအား ဗုဒ္ဓဘာသာကို အခြေခံတဲ့ စာရိတ္တမြင့်တင်ရေးနှင့် လိမ္မာ ယဉ်ကျေးပြီး အနာဂတ် ဘ၀ တိုးတက်မြင့်မားစေရန် အတွက် ရည်ရွယ်၍ ဖွင့်လှစ်လျက်ရှိသော ဓမ္မစကူးလ် ကျောင်းများ ရေရှည် တည်တံ့ ခိုင်မြဲစေရေး အတွက် အထောက်အကူပြုနိုင်ရန် မြိတ်မြို့နယ် ဓမ္မစကူးလ်ဖောင်ဒေးရှင်းကော်မတီ ဖွဲ့စည်းခြင်းကို စက်တင်ဘာလ(၂၀) ရက် နေ့လည်(၁) နာရီက တောကျောင်း ပရိယတ္တိ စာသင်တိုက်တွင် ကျင်းပခဲ့ရာ ဆရာေ တာ် သံဃာတော်များ၊ သင်တန်း နည်းပြများ၊ အကျိုးတော်ဆောင် အဖွဲ့များ တက်ရောက် ခဲ့ကြသည်။


ရှေးဦးစွာ အခမ်းအနားကို တက်ရောက် လာကြသူများက နမောတဿ(၃) ကြိမ် ရွတ်ဆို ဘုရား ကန်တော့၍ ဖွင့်လှစ်ခဲ့ကြသည်။ ယင်းနောက် အခမ်းအနား တက်ရောက် လာကြသော သံဃာတော်အရှင် သူမြတ်များ၊ သီလရှင်များ၊ ဧည့်ပရိသတ် အပေါင်းတို့က ဆရာတော်ကြီး များအား သြကာသကန်တော့ချိုးဖြင့် ကန်တော့ကြသည်။

ယင်းနောက် မြိတ်မြို့နယ် ဓမ္မစကူးလ် ဖောင်ဒေးရှင်းကော်မတီ ဖွဲ့စည်းခြင်းအတွက် တက်ရောက် လာကြသူ အပေါင်းက နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ဝင် မဟာ ကဏ္ဍ ၀ါစက ပဏ္ဍိတ ဘဒ္ဒန္တ တေဇော ဘာသ တောကျောင်း ပရိယတ္တိ စာသင်တိုက်၊ နိုင်ငံတော် ဗဟိုသံဃ ၀န်ဆောင် အဂ္ဂမဟာ ကဏ္ဍ၀ါစက ပဏ္ဍိတ ဘဒ္ဒန္တ ၀ိမလ ကန်သာ ပရိယတ္တိ စာသင်တိုက်၊ အဂ္ဂမဟာ ကဏ္ဍ၀ါစက ပဏ္ဍိတ ဘဒ္ဒန္တ လာသန လှည်းဘီး ပရိယတ္တိ စာသင်တိုက်နှင့် တနင်္သာရီ တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ ဥက္ကဌ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ ကောဏ္ဍည ကန်သာပရိယတ္တိ စာသင်တိုက် ဆရာတော်များ ထံမှ သြ၀ါဒများ ခံယူကြသည်။

ဆက်လက်၍ လယ်ဝိုင်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဒေါက်တာကောဝိဒ မှ မြိတ်မြို့နယ် ဓမ္မစကူးလ် ဖောင်ဒေးရှင်း ကော်မတီ ဖွဲ့စည်းရခြင်း ရည်ရွယ်ချက် များနှင့် ကော်မတီ လုပ်ငန်း တာဝန်များကို တင်ပြလျှောက် ထားသည်။ ထိုနောက် ဖွင့်လှစ်ခဲ့သော မြို့နယ် ဓမ္မစကူးလ် ဆရာဖြစ် သင်တန်း ငွေစာရင်း ရှင်တမ်း များအား အကျိုးဆောင် ဦးစိုးပိုင်ဌေးနှင့် ဦးအောင်ကိုထွေး တို့က ဖတ်ကြားလျှောက်ထားကြသည်။

ဆက်လက်၍ မြိတ်မြို့နယ် ဓမ္မစကူးလ်ဖောင်ဒေးရှင်း ကော်မတီ ဖွဲ့စည်းရန် အတွက် အလုပ် အမှု ဆောင်ကော်မတီ ဘွဲ့/ အမည် စာရင်းများကို ဆရာတော် သံဃာတော်များက ဦးဆောင် အကြံပြု ဆွေးနွေး၍ အတည်ပြုရွေးချယ်ခဲ့ ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ် ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။

မြိတ်ပြန်ဆက်

0 comments: