Monday, September 15, 2014

မြိတ်အဝေးပြေးကားဝင်းနှင့် ဘက်စုံဖွံ့ဖြိုးမှု စီမံကိန်း မြေစိုက်ဆိုင်းဘုတ် စိုက်ထူ

မြိတ်မြို့တွင် နိုင်ငံတကာ အဆင့်မီ အဝေးပြေးကားဝင်း တည်ဆောက်ရန်အတွက် မြိတ် အများပိုင် ကော်ပိုရေးရှင်း လီမိတက်မှ လုပ်ငန်းများစတင် ဆောင်ရွက်လျက်ရှိရာ မြေဖို့ခြင်း၊ သဲဖို့ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ အဆိုပါ အဝေးပြေး ကားဝင်းနှင့် ဘက်စုံဖွံ့ဖြိုးမှု စီမံကိန်းအတွက် တည်ဆောက်ရေး လုပ်ငန်း မြေနေရာတွင် စီမံကိန်း မြေစိုက် ဆိုင်းဘုတ်တင်ပွဲကို စက်တင်ဘာလ(၁၅)ရက် နံနက်(၇း၃၀)နာရီက ကျင်းပခဲ့သည်။


ရှေးဦးစွာ အဝေးပြေး ကားဝင်းနှင့် ဘက်စုံဖွံ့ဖြိုးမှု စီမံကိန်း မြေစိုက်ဆိုင်းဘုတ်အား တနင်္သာရီ တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ၀န်ကြီးချုပ် ဦးမြတ်ကို က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများနှင့် အတူ ဆိုင်းဘုတ်အား အမွေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြသည်။ ယင်းနောက် မြိတ်အများပိုင် ကော်ပိုရေးရှင်း လီမိတက် ဒါရိုက်တာ ဥက္ကဌ ဦးလှသန်းမှ ကျေးဇူးတင် စကား ပြန်လည်ပြောကြား ခဲ့သည်။

ဆက်လက်၍ စီမံကိန်း ရှင်းလင်းဆောင်တွင် အခမ်းအနား တက်ရောက်လာကြသော တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မြိတ်အများပိုင် ကော်ပိုရေးရှင်း လီမိတက်မှ အစုရှယ်ယာရှင်များ၊ ဖိတ်ကြားထားသူများအား မြိတ်အများပိုင် ကော်ပိုရေး ရှင်းလီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုးဝင်းက နိုင်ငံတကာအဆင့်မီ အဝေးပြေးကားဝင်းနှင့် ဘက်စုံဖွံ့ဖြိုး မှုစီမံကိန်းတွင် ပါဝင်သည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့သည်။

မြိတ်မြို့၏ နိုင်ငံတကာအဆင့်မီ အဝေးပြေးကားဝင်းနှင့် ဘက်စုံဖွံ့ဖြိုးမှုစီမံကိန်းတွင် အခန်း(၂)ခန်းပါ တန်ဖိုးနည်းအိမ်ယာ အခန်း(၁၀၀၀)၊ ဈေးဆိုင်+အိမ်တွဲလျက် အခန်း(၂၀၀)၊ ပွဲရုံတည်ဆောက်ရန် မြေကွက် (၇၈)ကွက်၊ စူပါမတ်ကက်၊ မီနီမတ်ကက်၊ သား/ငါးဈေး၊ (၄)ထပ်ဟိုတယ်(၁)လုံး၊ ကားအသင်း ရုံးခန်း (၂၃)ခန်း၊ (၂)ထပ်စားသောက်ဆိုင်(၁)ဆိုင်၊ ဘတ်စကားဂိတ်+စားသောက်ဆိုင်များ၊ စက်သုံးဆီ အရောင်း ဆိုင်၊ မော်တော်ကားပြင်ဆင်ရေး စက်ရုံများကို (၃)နှစ်စီမံကိန်းရေးဆွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမ နှစ်တွင်(၄၀)ရာခိုင်နှုန်း၊ ဒုတိယနှစ်တွင် (၃၀)ရာခိုင်နှုန်း၊ တတိယနှစ်တွင် (၃၀)ရာခိုင်နှုန်းဖြင့် တည်ဆောက် သွားမည်ဖြစ်၍ အဆိုပါ အဝေးပြေးကားဝင်းနှင့် ဘက်စုံဖွံ့ဖြိုးမှုစီမံကိန်းတွင် ပါဝင်သော အဆောက်အဦ များအား အသေးစိတ်တွက်ချက်ပြီး ကဏ္ဍအလိုက် ဈေးဖွင့်ရောင်းချပေး သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

အဆိုပါ ခေတ်မှီ အဝေးပြေးကားဝင်း တည်ဆောက်ရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ချိန်နှင့် တည်ဆောက်ပြီးစီး ပါက ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိ လာခြင်း၊ ခရီးသွားလုပ်ငန်းများ၊ ကုန်စည်စီးဆင်းမှု လုပ်ငန်းများ၊ ပိုမို အကျိုးရှိလာမည်ဖြစ်ပြီး ကုန်စည် ကူးသန်းရောင်းဝယ်မှုတွေလည်း ပိုမိုတိုးတက်လာမှာဖြစ်သည်။ အဝေးပြေးကားဝင်းသည် မောတောင် နယ်စပ် ကုန်သွယ်ရေး ဆောင်ရွက်ရာတွင် အရေးပါသော အခန်းကဏ္ဍတစ်ခု ကားဝင်း တစ်ခု ဖြစ်လာမှာ ဖြစ်ပြီး ပြည်သူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းကောင်း များရရှိလာမည် ဖြစ်သောကြောင့် စီးပွားရေးများတိုးတက်ကောင်းမွန်လာခြင်း၊ လူနေမှုများ အဆင့်အတန်း မြှင့်မားလာခြင်းစသော အကျိုး ကျေးဇူးများ ရရှိလာမှာဖြစ်ကြောင်း သတင်းရရှိသည်

မြိတ် ပြန်ဆက်

0 comments: