Saturday, September 20, 2014

တနင်္သာရီတိုင်းတွင် ရုတ်တရက်ရေကြီး၍ ဒေသခံ ၅၀၀ကျော် ဘေးလွတ်ရာတိမ်းရှောင်

တနသာင်္ရီတိုင်း ဒေသကြီး ပုလောမြို့နယ်အတွင်းရှိ ကရင်တိုင်းရင်းသား အများစု နေထိုင်သည့် ပြည်ခြား၊ ဝမ်းတွင်းအုပ်၊ မိချောင်း သိုက်ကျေးရွာတို့တွင် မိုးရွာသွန်းသဖြင့် စက်တင်ဘာ ၁၆ရက်နေ့က ရုတ်တရက်ရေကြီးလာကာ ဒေသခံ ၅၀၀ကျော်မှာ ဘေး လွတ်ရာနေရာသို့ တိမ်းရှောင်နေကြရသည်။




၎င်းကျေးရွာများ၌ စက်တင်ဘာ ၁၆ရက်နေ့၊ ည ၁၁နာရီခန့်က ရုတ်တရက်ရေကြီးမှုကြောင့် ဒေသခံ များလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည့်အပြင် အိမ်ခြေ ၂၀၅လုံးအနက် ၂၂လုံးမှာ ရေနစ်မြှုပ်သွားခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး၏ ကရင်တိုင်းရင်း သားရေးရာဝန်ကြီး စောဟာဗီးက ပြောသည်။

“ရေကြီးလို့ ဒေသခံတွေတော့ နီးစပ်ရာ ရေလွတ်တဲ့ နေရာတွေနဲ့ ကျေးရွာရဲ့ ဘုရားကျောင်းတွေမှာ သွားရောက် နေထိုင်ခိုလှုံနေ ကြရတယ်။ အခု ရွာတံတားတွေလည်း ပျက်စီးမှုတွေ ရှိတဲ့အတွက် ရွာစာသင်ကျောင်းတွေလည်း ပိတ်ပေးလိုက်ရတယ်”ဟု စော ဟာဗီးက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ရေဘေးသင့်ဒေသခံများကို ဒေသခံ လူမှုကူညီရေးအဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း(NGOs) များက ဆန်၊ အိုး ခွက်၊ ပန်းကန်နှင့် အစားအသောက်များကို ကူညီပေးလျှက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရ အာဏာပိုင်များလည်း ကယ်ဆယ်ရေးများ ပြုလုပ်ပေးကြောင်းနှင့် လတ်တလောအခြေအနေအရ ရေများ အနည်းငယ် ပြန်ကျသွားပြီဖြစ်ကြောင်း သိရ သည်။

ရေမြုပ်သွားသည့် အိမ်များတွင် စပါးကျီ၊ ကွမ်းသီးနှင့် အခြားအိမ်သုံးပစ္စည်းများအပြင် ကျွဲ၊ နွားနှင့် အခြားမွေးမြူရေး တိရိစ္ဆာန် များ ထိခိုက်သေဆုံးမှုရှိရာ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၄၀၀ကျော် ဆုံးရှုံးခဲ့ရသည်ဟု ကျေးရွာတာဝန်ရှိသူများ၏ စာရင်းပြုစုထားချက်အရ သိရသည်။

နေအိမ်ရေမြှုပ်သွားသူ ပြည်ခြားရွာသား စောဝီလီယံက “မိုးကလည်း သိပ်ပြီး မသည်းထန်တဲ့အတွက် ရေအရမ်းကြီးမယ် လို့ မထင်ထားဘူး။ မမျှော်လင့်ထားဘဲ ရေကြီးလာတော့ ပျက်စီးဆုံးရှုံးမှု ပိုများရတာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။

တနသာင်္ရီတိုင်းဒေသကြီး ပုလောမြို့နယ်ရှိ ၎င်းဒေသတွင် ယခင်နှစ် မိုးရာသီအတွင်း ရေကြီးမှုများရှိခဲ့သော်လည်း ယခုလို ဆိုးဝါး မှုမှာ ပထမဦးဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

နန်းဝေဖြိုးဇာ
ကေအိုင်စီ - KIC News

0 comments: