Friday, March 15, 2013

မြိတ်ခရိုင် သဘာဝဘေး အန္တရာယ် ကာကွယ် တားဆီးရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

မြိတ်ခရိုင် သဘာဝဘေး အန္တရာယ် ဆိုင်ရာ ကာကွယ် တားဆီးရေး အသိပညာပေး ဆွေးနွေးပွဲကို မတ်လ (၁၅)ရက် နံနက်(၉) နာရီတွင် ဝေါလ်ဗီရှင်း (World Vision)ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အမှာစကား ပြောကြားသည်။ ယင်းနောက် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သူကျော်မှ သဘာဝဘေး အန္တရာယ် အကြောင်း၊ မြန်မာနိုင်ငံရှိ ဘေးအန္တရာယ် ကာကွယ် စောင့်ရှောက်ရေး အဖွဲ့အစည်း ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်တာများ အကြောင်း ရှင်းလင်း ဆွေးနွေးသည်။

ထိုနောက် ခရိုင် မီးသတ်ဦးစီး ဌာနမှူး ဦးဇော်ဝင်းက မီးသတိပြုရေး၊ မီးဘေး ကြိုတင် ကာကွယ်ရေး၊ မီးငြိမ်း သတ်ရေး၊ မီးသတ် တပ်ဖွဲ့ဥပဒေ၊ ပြည်သူတို့၏ တာဝန်အကြောင်းကို လည်းကောင်း၊ မိုးလေ၀သနှင့် ဇလ ဗေဒ ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးစိုးပိုင်က မိုးလေ၀သ အကြောင်း သိကြောင်း စရာများကို လည်းကောင်း၊ ဝေါလ်ဗီရှင် (မြိတ်) စီမံချက် မန်နေဂျာ ဦးဇော်မင်းက သဘာဝဘေး အန္တရာယ် ဆိုးကျိုး ထိခိုက်မှု လျော့ချရေး အကြောင်းကို လည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးကြသည်။

အဆိုပါ ဆွေးနွေးပွဲကို ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။



0 comments: