Tuesday, March 26, 2013

လေယာဉ်ကြီးစီး ခရီးစဉ် မြည်သံစွဲ အင်္လကာတို့နှင့် စည်ကား တည်ရှိနေသော မြို့(သို့မဟုတ်) ပုလဲမြေသို့


သဘာဝ ငှက်အိမ်များ ရှိရာ၊ ဇီဝဇိုး ငှက်အော် သံလေးများ ကမ်းနားလမ်း တစ်လျှောက် ကျယ်လောင်စွာ ပျံ့လွင့်နေတဲ့ မြို့တစ်မြို့ကို ကျွန်တော် ထပ်မံ ရောက်ရှိ ခဲ့ပြန်ပြီ။ ပထမ တစ်ကြိမ်က ဧပြီ ပထမပတ်ရဲ့ ပူပြင်းတဲ့ နွေခါရက် ဖြစ်ပြီး ဒုတိယ အကြိမ်မှာတော့ မိုးအကုန် သီတင်းကျွတ် မတိုင်မီ အချိန်ကာလပဲ ဖြစ်ပါတယ်။ ဘဏ်တည်ဆောက်ရေး လုပ်ငန်းအတွက် ပထမခရီးစဉ်မှာ Architects အဖွဲ့နဲ့ Design ပုံစံထုတ်ဖို့ Survey ရောက်ရှိခဲ့ရပြီး ဒုတိယ ခရီးစဉ်ကတော့ တည်ဆောက်ရေး အင်ဂျင်နီယာ အဖွဲ့နဲ့ လုပ်ငန်းခွင် စတင်ဖို့ ဒုတိယမ္ပိ ခြေချခွင့် ရရှိခဲ့တဲ့မြို့။



နိုင်ငံကျော် ထပ်ဆင့် အကယ်ဒမီ မင်းသား ကိုလွင်မိုး၊ မင်းသမီး မဆင့်ခေါ် မေသန်းနုတို့ရဲ့ ဇာတိဖြစ်တဲ့ မြိတ်မြို့။ ဆရာကြီး မြသန်းတင့် ရေးသားခဲ့တဲ့ ငွေသောင်ယံ... အီကွေတာညများ ထဲကလို ဟွန်ဒါယဉ်ကျေးမှု ထွန်းကားတဲ့ ဟွန်ဒါ ခေတ် ရောက်နေပြီလို့ မှတ်ချက်ချထားတဲ့ မြိတ်မြို့။ ကြိုတင် စီစဉ်ထားတဲ့ အတိုင်း မြို့ခံ ကိုတင့်တို့ လေဆိပ်လာ ကြိုကြပြီး လေဆိပ်အနီး အေးရိပ်ချောင်နဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ Hotel Mergui ကို ချီတက်ခဲ့ကြပါတယ်။ Hotel ဧည့်ကြို ကောင်တာ ရောက်ရောက်ချင်း တည်ခင်းလာတဲ့ ဖျော်ရည် Welcome Juice တွေက ကျွန်တော်တို့ တစ်ဖွဲ့လုံးရဲ့ ရင်ကို အေးချမ်း သွားစေပါတယ်။ ဘဏ်လုပ်မယ့် အဆောက်အအုံက အသစ် တည်ဆောက်ဖို့ မလိုဘဲ ခပ်လတ်လတ် အနေအထား အတိုင်း ရှိနေသေးတဲ့ ၂ ထပ်၊ RC တိုက်ကို Renovation ပြုပြင်ဖို့ပဲ ရှိနေတော့ အပေါ်ထပ်မှာ Supervisor, Store ၀န်ထမ်းများနေဖို့ စီစဉ်ထားပြီးတဲ့အတိုင်း Hotel အခန်းမှာ ခရီးဆောင်အိတ်များ ထားခဲ့ပြီး Site  ထဲကို တန်းသွားကြတယ်။ တာဝန်ခံ အင်ဂျင်နီယာ  ဒေါ်အေးသက်တို့နဲ့ ပြုပြင်ဖို့ လိုအပ်ချက်တွေ၊ လက်ရှိအနေအထားတွေ ကြည့်ကြပြီးချိန်မှာ ကိုတင့်တို့ကားနဲ့ ကမ်းနားလမ်းဘက်ကို ကားမောင်းခိုင်း ရင်း တစ်ဖက်ကမ်းမှာ ရှိတဲ့ ပထော် ပထက်တောင်ခြေမှ အတုလရံသီ ရွှေ သာလျောင်း ဘုရားကြီးကို အဝေးမှ သပ္ပာယ်စွာဖူးမြော် ဖြစ်ခဲ့ကြပါတယ်။

ကမ်းနားလမ်းမှ မြစည်းစိမ် ဟိုတယ် ဘေးလမ်းကို ချိုးကွေ့လိုက်ပြီး မြိတ်မြို့ဂုဏ်ဆောင် လေး ကျွန်းဆီမီးသိမ် စေတီတော် မြတ်ကြီးဆီကို ဦးတိုက် ခဲ့ကြပြန်ပါတယ်။ ရွှေရောင်အဆင်းနဲ့ ပြေပြစ်စွာတည်ရှိနေတဲ့ စေတီတော်မြတ်နဲ့ သိမ်တော်ကြီး၊ ဗုဒ္ဓအလင်းပြ စာကြည့်တိုက်၊ စေတီရံများ၊ နေ့နံအလိုက် ထောင့်များ၊ ကျောက်ပြားများ ညီညီညာညာ ခင်းထားတဲ့ မကျဉ်းမကျယ် ရင်ပြင်နဲ့ သံပန်းဝရန်တာ ဘောင်နားမှာ ရပ်ကြကာ မြိတ်တစ်မြို့လုံးရဲ့ အနောက်ဘက်ခြမ်းကို အပေါ်စီးက တ၀ကြီးကြည့်ရှုခွင့် ရခဲ့ပြန်ပါတယ်။ မြစ်ပြင်မှာ လူးလာခေါက်တုံ့ သွားနေကြတဲ့ စက်တပ်သမ္ဗာန်တွေ၊ ကျောက်ချ ထားတဲ့ ငါးဖမ်းလှေတွေ၊ ဖယ်ရီဘုတ်တွေနဲ့ ညနေဆည်းဆာ နေရောင်အောက်မှာ စည်ကားလို့ နေတာကို တွေ့ကြရတဲ့အပြင် ပထက်တောင်တော်ပေါ်က စေတီများ၊ ရွှေသာလျောင်း ဘုရားကြီးရဲ့ နီညိုရောင် ခပ်မှိုင်းမှိုင်း သွပ်မိုးတွေကို တွေ့ခဲ့ရပါတယ်။

ကမ်းနား လမ်းမကြီးရဲ့ အရှေ့ဘက်ခြမ်းမှာတော့  ဆိပ်ငယ် ဈေးကြီးကို တွေ့ရသလို ဈေးထိပ်မှာတော့ မြို့ကျက်သရေဆောင် နာရီစင်ကြီး ကိုလည်း ခံ့ခံ့ထည်ထည် တွေ့ခဲ့ရပါတယ်။ ၆ ထပ်တိုက်တချို့နဲ့ နှစ်ထပ်၊ သုံးထပ်တိုက်တို့ရဲ့ အမိုးတို့ကို အပေါ် စီးကနေပြီး ဆက်စပ်ကြည့်နေခဲ့ကြပါ တယ်။ ကျွန်တော်တို့ရဲ့ ဘဏ်တည်ရှိနေရာကိုလည်း ရင်ပြင်ပေါ်က နီးကပ်စွာ တွေ့မြင်ရပါတယ်။ ခေါင်ထိပ်စွန်းနဲ့ နှစ်ဖက်ချ သွပ်မိုးတွေ၊ ရေတံ လျှောက်နဲ့ ရေဆင်းပိုက်တွေ သွယ်တန်းကျဆင်းလာတဲ့ ပုံစံတူ ခပ်ဆင် ဆင်နှစ် ထပ် အိမ်တွေကို တစ်ပြေးတည်း မြင်တွေ့ရသလို KBZ ဘဏ်၊ မြ၀တီဘဏ်၊ အင်းဝဘဏ်၊ MOB ဘဏ်၊ ပထမ ပုဂ္ဂလိကဘဏ်တွေကို ဆိပ်ငယ် ရပ်မှာဘဏ်ရပ် ကွက်လို့ တင်စားခေါ် လောက် အောင် ပုဂ္ဂလိက ဘဏ်တွေနဲ့ စည်ကားနေတာကို တစ်ဖွဲ့လုံး တွေ့မြင်ခဲ့ကြပါတယ်။

လေယာဉ်ချိန်ကြောင့် နေ့လယ်စာမစားဖြစ် ကြတော့ ညနေပိုင်း ခပ်စောစောမှာတင် ပင်လယ် စာတွေရတဲ့ ရတနာဦးဆိုင်ကို ညစာစားဖို့ တစ် ဖွဲ့လုံး ချီတက်ကြခဲ့ပါတယ်။ ကဏန်းပျော့ မဆ လာချက်၊ ကင်းမွန်သုပ်၊ ကကတစ်ငါးကောင် လုံးကြော်၊ ရေကန်စွန်းပလိန်းကြော်၊ ယိုးဒယား ချဉ်အစပ်လျှော့ဟင်းချိုတွေနဲ့ တစ်ဖွဲ့သားလုံး စကားမပြောကြတော့ဘဲ အားပါးတရ စားခဲ့ကြ ပါတယ်။ ထမင်း စားပြီးတော့ မြိတ်မြို့ ကမ်းနား လမ်းရှိ တစ်ခုတည်းသော Myeik Shopping Centre ဆိုင်ကြီးကို စူးစမ်း လေ့လာဖို့ ကျွန်တော်တို့ရောက် ရှိခဲ့ပြန်တယ်။

ခုခေတ်အချိန်ကာလမှာ အလွန်ခေတ်စားနေ တဲ့ အလူမီနီယမ်ကာလာ Composite ချုပ်များနဲ့ အဆောက်အအုံ အပြင်ပတ်ချာလည်ကို အလှဆင် ထားပြီး အတွင်းပိုင်း အပြင်အဆင်တွေကလည်း နိုင်ငံခြားက Shopping Mall ထဲကို ရောက်ရှိသွား တဲ့အလား။ မြေညီထပ်မှာ ကျား/မ အင်္ကျီနဲ့ ဘောင်းဘီတွေ၊ ဖိနပ်ဆိုင်တွေ၊ အလှကုန်ဆိုင်တွေ၊ Hand Set နဲ့ Accessories  ဆိုင်တွေနဲ့ စည်ကားလို့ နေပါတယ်။ ပထမထပ်အရောက်မှာတော့ ကော်ဖီဆိုင်၊ စားသောက်ဆိုင်တန်းတွေနဲ့အတူ ဘဏ်မှာ အသုံးပြုနိုင်ဖို့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ပရိဘောဂပစ္စည်းဆိုင်ကြီးကို တွေ့ခဲ့ရပြန်ပါတယ်။ ManagerTable, Office Staff Table, Computer table, Cabinef, အံဆွဲတွေ၊ ဆက်တီတွေ၊ ဘီးလုံးပါတဲ့ Office Mobile Chair ရောင်စုံတွေ၊ Waiting area ထိုင်ခုံတွေနဲ့ အမျိုးအစား စုံလင်စွာ တွေ့ရှိခဲ့ကြပါတယ်။ Furniture ဆိုင်က ပြန်အဆင်းမှာ ခေါင်းလျှော်ရည်တစ်ဘူး၊ ခြေညှပ် ဖိနပ်တစ်ရန် ၀ယ်ယူဖြစ်ခဲ့ပါတယ်။ Hotel Mergui ကို ည ၈ နာရီ ၀န်းကျင် ပြန်ရောက်ခဲ့ကြပြီး ရေချိုး၊ အ၀တ်အစားလဲ၊ ဒိုင်ယာရီ ရေးပြီး မြိတ်မြို့ရဲ့ ပထမဆုံးညကို တိတ်ဆိတ်စွာ ကုန်ဆုံး စေခဲ့ပါတယ်။

မြိတ်မြို့ရဲ့ နောက်တစ်နေ့ နံနက်ခင်းဟာ ကျွန်တော့်အတွက် ပိုမိုအသက်ဝင် နေပါတော့ တယ်။ Hotel မှာ မနက်စာ မစားဖြစ်တော့ဘဲ ဘဏ်လုပ်ငန်း ခွင်မှာရှိတဲ့ အဖွဲ့သားတွေ ခေါ်ပြီး ဆရာစိန်မျိုးမြင့်ရဲ့ မြိတ်ကျွန်းစု အလှများ ဆီသို့ စာအုပ်ထဲမှာ ပါတဲ့ ရုံးလမ်းနဲ့ ဈေးဟောင်းလမ်း ထောင့်မှာရှိတဲ့ Green Eyes ဆိုတဲ့ လက်ဖက်ရည်နဲ့ အအေးစားဖွယ်စုံရတဲ့ ဆိုင်လေးဆီကို ချီတက် လာခဲ့ကြတယ်။ မြိတ်မြို့ရဲ့ နာမည်ကြီး နံနက်စာ ဖြစ်တဲ့ မြိတ်ကတ်ကြေးကိုက်ကို မှာစား ဖြစ်ခဲ့တာပေါ့။ ကတ်ကြေးနဲ့ ညီညာစွာ ကိုက်ထားတဲ့ အစာသွတ် အီကြာကွေး သေးသေးဝိုင်းဝိုင်းလေး တွေကလည်း အရသာ တစ်မျိုးလေးပါ။ ဒါလေးက ချိုချိုလေးနဲ့ ကောင်းတယ် ဆိုလာတဲ့  စာရင်းကိုင် မောင်ပြည့်စိုး စကားကြောင့် ဖက်နဲ့ထုပ်ထားတဲ့ မုန့်ကို ယူစား ဖြစ်ခဲ့ပါတယ်။

ဆန်နဲ့ လုပ်ထားပြီး အုန်းနို့ ထည့်ထားတဲ့ အာပုံလို့ခေါ်တဲ့ မုန့်မျိုးပဲ ဖြစ်ပါတယ်။ နက်စ် ကော်ဖီတစ်ခွက် သောက်ရင်း ဗိုက်ထဲမှာ အတော် ပြည့်သွားပြီ ဆိုတာ သိလိုက် ရသလို ကျွန်တော့် အဖွဲ့သား ၇ ယောက်စလုံးကို ကြည့်လိုက်တော့ မြိတ်မြို့ရဲ့ နံနက်စာကို အားပါးတရ စားသုံးကြလို့။ နံနက်စာ စားအပြီး ဆိပ်ငယ်ဘော တံတားဆိပ် ဆင်း၊ စက် တပ်သမ္ဗာန် တစ်စင်းကို အသွားအပြန် လေးထောင် ကျပ်တိတိနဲ့ ငှားပြီး တစ်ဖက်ကမ်းမှာ ရှိတဲ့ ပထက်တောင် အတုလရံသီ ရွှေသာလျောင်း ဘုရားကြီးဆီကို တစ်ဖွဲ့သားလုံး သွားခဲ့ကြပါတယ်။ ဘုရားကြီး ရင်ပြင်နဲ့ သမ္ဗာန် ရပ်မယ့် အဆောင်တို့ကို RC တံတား ထိုးထားတဲ့ လမ်းအတိုင်း လျှောက်လာ ကြရင်း ပထက်တောင်မုခ်ဦးနဲ့ ရွှေသာလျောင်းဘုရားကြီးကို အားပါးတရ အနီးကပ်ဖူးခဲ့ကြပါတယ်။ ၁၄၄ တောင် ရှိတဲ့ ဘုရားကြီးရဲ့ ကိုယ်ထည် အတွင်းမှာ အုတ်ခွက် ဘုရားတွေ၊ ရွှေဥဒေါင်းတောင် ဆရာတော်၊ ဝေဘူ ဆရာတော်၊ ဖားအောက် ဆရာတော် အစရှိတဲ့ ဆရာတော်ကြီးတွေရဲ့ ဆုံးမစာတွေ၊ ဘုရားကြီး မှတ်တမ်း ကျောက်စာတွေကို တခမ်းတနား တွေ့ခဲ့ရပါတယ်။ ကျောက်မိုင်း တူးရင်းက ကျောက်ဖျာ ရင်ပြင်ကြီး ပေါ်လာခဲ့တာက အစပြုပြီး ၁၄၄ တောင် အရှည်ရှိတဲ့ ရွှေသာလျောင်း ဘုရားကြီးကို တန်ဆောင်း အမိုးများနဲ့ စနစ်တကျ ဆောက်လုပ် လှူဒါန်းထားတဲ့ မြိတ်မြို့ သူမြို့သားများရဲ့ စေတနာကို တွေ့မြင်ခဲ့ရပါတယ်။

ရွှေသာလျောင်း ဘုရားကြီး ကနေ မြိတ်မြို့ ဘက်ကမ်းကို ပြန်ကူး လာကြ ပြီး ကျွန်တော်တို့ရဲ့ လုပ်ငန်း အစီအစဉ်ကို စတင်ရပါ တော့တယ်။ အိမ်ဆောက် ပစ္စည်းဆိုင်တွေ၊ လျှပ်စစ်ပစ္စည်းဆိုင်တွေ၊ ကုန်မာဆိုင်တွေ၊ Nippon, UPG သုတ် ဆေးဆိုင်တွေ၊ Furniture ဆိုင်တွေကို ကွင်းဆင်း လေ့လာခဲ့ကြ ပါတယ်။ မြိတ်မြို့မှာ မရနိုင်တဲ့ ပစ္စည်း အချို့တို့ကို ရေလမ်းဖြစ်ဖြစ်၊ ကုန်းလမ်း ဖြစ် ဖြစ် (အခုချိန် ထိတော့ ထားဝယ်နဲ့ မြိတ်မြို့ကြားမှာ လမ်းက ချိုင့်ကြီးတွေနဲ့ ဆိုးနေတုန်းပဲဆိုတဲ့ စကားသံကို ပြန်ကြားရပါတယ်။) သုံးပြီး ပို့ရမှာ ဖြစ်သလို မြိတ်မြို့မှာ ၀ယ်လို့ရတဲ့  ပစ္စည်း အမျိုးအစားတွေကို ရုံးချုပ်က ခွင့်ပြုနိုင်တဲ့ ဈေးနှုန်းနဲ့ ညှိနှိုင်း ဆွေးနွေးပြီးမှ ၀ယ်ရမှာဖြစ် ပါတယ်။ ဒေသဈေးနှုန်း သိရတဲ့ အတွက် Bndget လည်း တွက်လို့ ရသလို ဘဏ်ဘက် နဲ့လည်း စာချုပ်ချုပ် အလုပ် လုပ်နိုင်မှာ ဖြစ်ပါတယ်။ မြိတ်မြို့မှာ ခေတ်စားနေတဲ့ Aluminium  ကာလာ Composite ချပ်တွေကို External Use အဖြစ် 4mm အထူ မသုံးကြဘဲ 3mm အထူကိုပဲ သုံးကြတာ သိခွင့် ရလိုက်သလို အဲဒီပစ္စည်း အားလုံး နီးပါး ရန်ကုန်က မှာယူရကြောင်း သိရပါတယ်။ ရေပိုက်နဲ့ ပိုက်ဆက် ပစ္စည်း တွေလည်း ရန်ကုန်က နေလာရပြီး Air Con, TV တံဆိပ် အချို့သာ ယိုးဒယားမှ အ၀င်ဖြစ်ပြီး ကျန်တံဆိပ်တွေ ရန်ကုန်ကနေ မှာယူဆဲ ဖြစ်ပါတယ်။

နေ့ခင်း ၁ နာရီးထိုးလုမှ တစ်ဖွဲ့လုံး နေ့လယ်စာကို ပန်းအင်ကြင်း မြန်မာ ထမင်းဆိုင်မှာ စားခဲ့ကြပါတယ်။ အရံဟင်းတွေ အဖြစ် ငါးပိထောင်းသုပ်၊ ပဲကြာဆံသုပ်၊ ကြက်ဟင်းခါးသီးကြော်တွေ ခံတွင်း တွေ့လှသလို စားရတဲ့  ဟင်းအမည်တိုင်း အရသာ ရှိလှပြီး လိုက်ပွဲတွေ ယူမလောက်အောင် ဖြစ်ခဲ့ကြပါတယ်။ ဖော်ရွေလှတဲ့ ထမင်းဆိုင်က ညီမငယ်နဲ့ အဖွဲ့သားတွေ အရွှန်း ဖောက်ကြကာ ရယ်မော ခဲ့ကြပြန် ပါတယ်။ ရယ်သောသူ အသက်ရှည်စေတယ် မဟုတ်လား။ ဂျင်ဆင်းရည် အအေး တစ်ပုလင်းကို လက်ဆောင်အဖြစ် ဆိုင်ရှင်က ပေးတော့ ချက် ချင်းမသောက်နိုင်သေးလို့ ကားထဲမှာ အသာသိမ်း ထားခဲ့ရပါတယ်။ နေ့လယ်စာစားပြီး ကမ်းနား လမ်းဘက်ကအပြန်မှာ သဘာဝ ငှက်အိမ်ကို တွေ့ ရသလို ဇီဝဇိုးငှက်တွေ အသိုက်ဖွဲ့ကြစေဖို့ ငှက်သံတုတွေ ဖွင့်ထား ကြပြီး ကမ်းနား တစ်လမ်းလုံးနီး ပါး ငှက်ခေါ်သံနဲ့ ညံစီ နေတာကြားခဲ့ ရပါတယ်။

ဘဏ် တည်ဆောက်ရေး လုပ်ငန်းခွင်ပြန် ရောက်တော့မှ မီးဖြတ်ထားတာ သတိရသွားပြီး ဆိပ်ငယ်ရပ် လျှစ်စစ်ရုံးကို တစ်ဖွဲ့သားလုံး သွား ကြပြန်ပါတယ်။ မီးဖြတ်ထားကြောင်း ဆွေးနွေး အပြီး တာဝန်ကျအစ်မကြီးက လိပ်စာမေးပြီး စာ အုပ်ဖွင့်ကြည့်ကာ ကြွေးကျန်လို့ ပြောတဲ့အသံကို အတော် နားထောင်ယူရတယ်။ အကြောင်းက တော့ ရုံးခန်းဘေးမှာ ရှိတဲ့ မီးစက်သံကြီး ဆူညံ နေလို့ပါပဲ။ ပထမတော့ မီးပျက်နေလို့ မီးစက် ရိုးရိုးပဲ နှိုးထားတယ်လို့ပဲ ထင်မိခဲ့ပါတယ်။ ညစာ စားဖို့ ကန်ဖျားရပ်အသွား ကန်ဖျားလမ်းပေါ်မှာ တရုန်းရုန်းနဲ့ မီးစက်သံတွေကြားမှ မီးပျက်တိုင်း ဒီလိုပဲ မီးစက်တွေ နှိုးထားတာလားလို့ မေးဖြစ်ခဲ့ တယ်။ ကားဆရာက တာဘိုင်မှ လျှပ်စစ်ဓာတ် အား မရသေးတော့ လျှပ်စစ်မီး မရသေးကြောင်း၊ ပုဂ္ဂလိက မီးစက်တွေနဲ့ မောင်းပြီး မီးပေးထားရ ကြောင်း ရှင်းပြချက်နဲ့အတူ မီတာခက တစ်ယူနစ် ကို လက်ရှိကောက်နေတာ ၄၂၀ ကျပ်တဲ့။ တစ်ယူ နစ် ၅၀ ကျပ်နဲ့ အိမ်သုံး မီတာလစဉ် ၁၀၀၀၀ ကျော်နေတာ ဒီက နှုန်းနဲ့ဆိုရင် သိန်းကျော်တော့ မှာပဲ။ ပုဂ္ဂလိကဘဏ်အချို့မှာလည်း ကိုယ်ပိုင် မီးစက် နှစ်လုံးထားကာ အလုပ်ချိန်တွင် တစ်လုံးနှိုး၊ တစ်လုံး Stan by ထားကြရကြောင်း သိရှိခဲ့ရ ပါတယ်။

ကန်ဖျားရပ်က Lotus ယိုးဒယားဆိုင်မှာ ညစာစား အပြီး အပြန် အအေးဆိုင် ထိုင်ကြမယ် ဆိုပြီး YYA ရေခဲမုန့်ဆိုင်မှာ ထိုင်ဖြစ်ကြ ပြန်တယ်။ ရေခဲမုန့်၊ ဒိန်ချဉ်၊ YYA ရေခဲမုန့်၊ ကမ္ဘာ့ဖလား ရေခဲမုန့်ဆိုပြီး အမျိုးစုံအောင် ကြော်ငြာ ထားတာ တွေ့ ရပါတယ်။ စတော်ဘယ်ရီ Ice Cream စားအပြီး ဆိုင်မျက် စောင်းထိုးက စတိုးဆိုင်မှာ ဂျင်းဘောင်းဘီ၊ တီရှပ်၊ ဂျာကင်၊ စပို့ရှပ်တို့ကို လှည့်ပတ်ကြည့်ရင်း ပထမ တစ်ခေါက်က စပို့ရှပ်နဲ့ ဂျင်းဘောင်းဘီ ၀ယ်ဖြစ်ခဲ့တဲ့ နေလ စတိုးဆိုင်ကို အမှတ်ရသွားပြီး ကားဆရာ ကို လိုက်ပို့ခိုင်း ပါတယ်။ ဒီတစ်ခေါက်လည်း Sky Blue ရောင် ဒေါင်လိုက်စင်း လေးများပါတဲ့ Arrow ရှပ်အင်္ကျီ လက်ရှည် တစ်ထည်နဲ့ ရင်ဘတ်နဲ့ပခုံးကြား ရောင်စုံ လိုင်းစင်းတွေပါတဲ့ စပို့ရှပ်ဖြူ ဆွတ်ဆွတ် တစ်ထည် ၀ယ်ဖြစ်ခဲ့ပြန် ပါတယ်။ ဟိုတယ်ပြန် ရောက်တော့ ည ၉ နာရီခွဲပြီ။ ရေချိုး၊ အ၀တ်လဲ၊ ဒိုင်ယာရီရေး၊ ဘုရားရှိခိုးအပြီး TV ဖွင့်ကြည့်တော့ MRTV-4 မှ Fashion Show Live နဲ့ ကြုံပြီး ကြည့်ဖြစ် လိုက်တယ်။  မြန်မာဝတ်စုံနဲ့ မဟာဆန်နေတာ မကြီးစိုးပါပဲ။ မဆင့်လည်း အရမ်းလှပါပဲ။ အငယ်လေး တွေကတော့ ငယ် တာပေါ့နော်။ Fashion Show ပြီးတော့ ဆယ့်တစ်ခွဲ၊ မာယာ မျဉ်းပြိုင် ဆက်ကြည့်၊ အိပ်မယ်လုပ်တော့ ညဥ့်တစ်နာရီ ထိုးလုပြီ။

တတိယနေ့ မနက်မှာတော့ အိပ်ရာထ နောက်ကျပြီး ဟိုတယ်က ကျွေးတဲ့ ပေါင်မုန့် ကြည်ဥကြော် စားခဲ့ရ ပါတယ်။ ကားဆရာ အစီအစဉ်နဲ့ မနက်ပိုင်းမှာ ဘုရားဖူးခဲ့ ရပါတယ်။ တနင်္သာရီ အထွက် လမ်းဘက်မှာ ရှိတဲ့ မဟာသိဒ္ဓိဇယ စေတီတော်မြတ်ကြီး ဆီကို ချီတက်ခဲ့ကြပါတယ်။ မြို့ထဲက ထွက်လာပြီး စစ်ရုံးနဲ့ လိုင်းခန်းတွေ ကျော်လာအပြီး မြို့နဲ့ ၃ မိုင်လောက်အကွာ တောင်ကမူ လေးအပေါ် တည်ထားတဲ့ မဟာသိဒ္ခိဇယ စေတီကို သပ္ပာယ်စွာ ဖူးခဲ့ရပါ တယ်။ အတွင်းလိုဏ်ဂူထဲမှာတော့ မိုးမလုံဘဲ RC roof Slab ပေါ်က ရေ တွေကြမ်းပြင်ပေါ်ကို ကျပြီး စိုရွှဲနေတာ တွေ့ရပါတယ်။ ပြင်ဖို့တော့ ခဏခဏ လာ ကြည့် ကြတာပါပဲလို့ ဂေါပက လူကြီး အပြောကို ကြား ခွင့်ရခဲ့ပါတယ်။

အပြန်မှာတော့ ဂေါက်ကွင်း နားမှာရှိတဲ့ ဆံတော်ရှင် ပေါ်တော်မူ စေတီကို ဆက်သွား ခဲ့ပါတယ်။ စေတီရင်ပြင် ပေါ်မှာတော့ ဂေါက်ကွင်းမှာ အသုံးပြုတဲ့ မြက်ခင်းတွေ အတိုင်း ကောဇော လျှောက်လမ်းပုံစံ မြက်တွေ ခင်းထားတာ တွေ့ရတော့ ထူးဆန်းပြီး ဓာတ်ပုံတွေ ရိုက်ဖြစ်ကြပါတယ်။ ဗောဓိညောင်ရွက် တွေနဲ့ ပြည့်နေတဲ့ ညောင်ပင်ကြီး တစ်ပင်နဲ့ နဂါးရုံဘုရားလည်း ဖူးတွေ့ရ ပြန်ပါတယ်။ ရင်ပြင်ပေါ်မှာ ဓမ္မရသစာအုပ်များ ဖတ်ရှုဖို့ အခမဲ့ စာကြည့်တိုက် လေးလုပ်ထားပြီး လူငယ်လေးတွေ စာထိုင်ဖတ်နေကြတာကို တွေ့ခဲ့ရပါ တယ်။ ရင်ပြင်ပေါ်က ကြည့်လိုက်တော့ ဂေါက်ကွင်းနဲ့ နီးတဲ့နေရာ ဖြစ်တော့ စိမ်းစိမ်းစိုစိုနဲ့ ခပ်ညိုညို တောင်တန်း နောက်ခံပြီး ခွေပတ် လည်စီးနေတဲ့ မြစ်ကြီးကို ခပ်ပျပျ လှမ်းမြင်ရပါတယ်။ မျက်စိပသာဒဖြစ်ပြီး စိတ်ကြည်နူး အေးချမ်းတဲ့ မြင်ကွင်းမျိုးမို့ အလွန်ကို ကျေနပ်အားရခဲ့ပါတယ်။    ကျွန်တော် ပြောပြတဲ့ခရီးစဉ်ထဲက ဒုတိယနေ့ နေ့လယ်ခင်းက အဖြစ် အပျက်လေး တစ်ခုကို ပြောပြဖို့ ကျန်ခဲ့ပါတယ်။ အဲဒီနေ့ နေ့ခင်းက ပုဂ္ဂလိက လေယာဉ်လက်မှတ် အရောင်းဌာနကို သွားပြီး နောက်တစ်ရက် အတွက် အပြန် လက်မှတ်ကို ရန်ကုန်မှာကတည်းက တစ်ခါတည်းဖြတ်ပြီးသား ဖြစ်ပေမယ့် ပိုသေချာအောင် Confirm လာလုပ်တာပါလို့ ပြောပြီးပြီးချင်း  ကောင်တာထိုင်တဲ့ အမျိုးသမီးလေး တစ်ယောက်က လဆန်းရက်ဆို လေယာဉ် Schedule ပြောင်းပါတယ်။ မနက်ဖြန် ရန်ကုန်လေယာဉ် မရှိဘူး။ နောက် ၄ ရက်နေ မှ ရှိမယ်ဆိုပြီး တရစပ်ပြော အပြီးမှာတော့ ကျွန်တော်လည်း စိတ်တိုလာပြီး-

“တာချီလိတ် ခရီးစဉ် အပြန်တုန်းကလည်း အခုလိုပဲ။ လက်မှတ် ရောင်းထားပြီးမှ Flight Cancel ဆိုပြီး လုပ်တယ်။ ဖုန်းနံပါတ်သိရဲ့နဲ့ ဖုန်းဆက်ပြီး အကြောင်းလည်း မကြားပေးဘူး။ လက်မှတ် အရောင်းဌာန ရုံးခန်းကို လိုလိုမည်မည် ဆိုပြီး ၀င်မေးလိုက်တော့မှ Flight Cancel လို့ ပြော တယ်။ လေယာဉ်တွေ ပြောင်းချိတ်၊ လက်မှတ် ထပ်ဝယ်ရတော့ လက်မှတ်ဖိုး ထပ်ကုန်တယ်။ ရန်ကုန်ရောက်မှ Cancel တုံးထုထားတဲ့ လက် မှတ်ပြပြီး ပိုက်ဆံပြန်ထုတ်ရနဲ့ ဒီလေကြောင်းလိုင်းစီးရင် အမြဲ ဒီအတိုင်း ချည်းပဲ” ဘာညာဆိုပြီး ပြောတော့မှ- “ခဏလေးပါနော်၊ ဖုန်းဆက် မေးပေးပါ မယ်” ဆိုပြီး ဦး...ဆိုတဲ့ လူဆီဖုန်းဆက်ပြီးမှ “ ရန်ကုန် အပြန် ၃ ယောက်နော်။ လေယာဉ်တော့ ရှိတယ်။ မြိတ်-ရန်ကုန် ခရီးစဉ် မဟုတ်ဘူး။ မြိတ်-ကော့သောင်း-ထားဝယ်-ရန်ကုန် ကျွန်း ပတ် လေယာဉ်”တဲ့။ လက်မှတ်ကို ရန်ကုန်မှာပဲ အသွားအပြန် ၀ယ်ခဲ့တာ။ ရန်ကုန်ရုံးက(နာမည် ကြီး) ဘာဆို ဘာမှမပြောလိုက်။ ခုတစ်လော သွားလိုက်ရတဲ့ ခရီးတွေက တာချီလိတ်၊ မြစ်ကြီး နား၊ စစ်တွေ၊ မြိတ်၊ ထားဝယ်၊ အောင်ပန်းမြို့တွေ၊ စီးရတာလည်း လေယာဉ်တွေနဲ့ မကြာခဏ ဒီအဖြစ်မျိုး ကြုံနေတော့ စိတ်တိုတိုနဲ့ အဲဒီအမျိုး သမီးငယ်လေးကို တော်တော်ပြောဖြစ်ခဲ့တယ်။ လေယာဉ်ကွင်းချိန်း ၁ နာရီခွဲတဲ့။

မြိတ်မြို့ တတိယ နေ့ရက်ရဲ့ နေ့လယ်စာကို ပန်းအင်ကြင်း မြန်မာ ထမင်းဆိုင်မှာပဲ မြိန်ရှက်စွာ စားခဲ့ကြပြီး Site ထဲက ၀န်ထမ်းတွေ ၀င်နှုတ် ဆက်၊ ဟိုတယ်ပြန်ပြီး ပစ္စည်းသိမ်း၊ လေဆိပ် ဆင်းဖို့ ပြင်နေတုန်း ဖုန်းမြည် သံနဲ့အတူ “...လေကြောင်းလိုင်းကပါ။ ကျွန်းပတ် မဟုတ်ဘဲ မြိတ်- ရန်ကုန် တိုက်ရိုက် လေယာဉ်နဲ့ ပြောင်းပေး မလို့ပါ။ စီးမှာလား” ဆိုလာတော့ “ကျွန်းပတ် မစီး ဘဲ လိုက်မယ်”လို့ ပြောလိုက် ပါတယ်။ လက်ရှိ ကိုင်ဆောင်ထားတဲ့ လေယာဉ်လက်မှတ်နဲ့ပဲ ကွင်း ချိန်း ၃ နာရီခွဲအရောက် လေဆိပ်ဆင်းခဲ့ပါလို့ မှာလို့ ကားဆရာ ခေါ်ပြီး လေဆိပ်ကို လိုက်သွား ခဲ့ပါတယ်။ စိတ်ထဲမှာလည်း ၃ နာရီခွဲ ကျမှ အခြား လေကြောင်းလိုင်း လေယာဉ်လက်မှတ်ကြီး ကိုင်လာပြီး ပြောင်းစီးမယ့် လေယာဉ် လက် မှတ် မဟုတ်ရင် မရပါဘူးဆိုတဲ့ အတွေးနဲ့ပေါ့။ လေဆိပ်ရောက်တော့ တိုက်ရိုက် လေယာဉ်မှာ အမည်စာရင်း ပါပါတယ် ဆိုပြီး စာရင်းလာပြ တော့မှ သက်ပြင်းချ ဟိုတယ် ပြန်ခဲ့ကြပါတယ်။ ဒီလေယာဉ်နဲ့ ကျန်ခဲ့ရင် နောက်တစ်နေ့ လေးလပတ် အစည်းအဝေးကို မီမှာ မဟုတ်တော့ဘူး။

ညနေ ၃ နာရီခွဲ လေဆိပ်ဆင်း၊ ပစ္စည်းအပ်၊ ထုံးစံအတိုင်း အိတ်ရှိသမျှ လှန်လှော စစ်ဆေးပြီး (လုံခြုံရေးအရ) လေယာဉ် ရောက်လာတဲ့အထိ ခန်းမဆောင် ခပ်ကျဉ်းကျဉ်းက နံရံကပ် TV မှာ ပြနေတဲ့ 5 Movies လိုင်းကို ထိုင်ကြည့်ရင်း လက်ဆောင် ၀ယ်လာခဲ့တဲ့ မုန့်ကုလားမည်းတွေ၊ အသင့်စား ငါးပိထောင်းဘူးတွေ၊ ပုစွန် အချိုခြောက်ထုပ်တွေ၊ ငါးမုန့်ရောင်စုံထုပ်တွေ၊ လိပ်ကျောက်၊ ငါးပုပ်ခြောက်ထုပ်တွေကို ရောင်စုံအိတ်ထဲမှာ အလုံပိတ်ပြီး သေချာ ထုပ်ပိုးနေမိပါတယ်။

အောက်တိုဘာ ၁ ရက်နေ့၊ ညနေ နေ၀င် ဆည်းဆာချိန်ဟာ  မြိတ်မြို့က ကျွန်တော် ပြန်လာဖြစ်ခဲ့တဲ့ ညနေခင်းလေးပါ။ မြို့ဘေးက လေယာဉ်ပျံ  တက်သွားချိန်မှာ ခရစ်ယာန်ဘုရား ရှိခိုးကျောင်းတွေ၊ အထက်တန်းကျောင်း တွေနဲ့ စာသင်တိုက်တွေကို အပေါ်စီးက မြင်တွေ့လိုက်ရသလို မီးစက်သံတွေ ညံနေတဲ့၊ ဇီဝဇိုးငှက် အစစ်သံရော၊ အတုသံရော ညံနေတဲ့၊ ပင်လယ်ငါးဖမ်း၊ ပုစွန်လုပ်ငန်းတွေနဲ့ စည်ကားနေတဲ့၊ စားသောက်ဆိုင် သေးသေးလေးတွေ၊ ကြီးကြီးတွေ၊ ကုန်စုံဆိုင်ကြီးတွေ၊ ဆေးဆိုင်တွေ၊ စတိုးဆိုင်တွေ၊ မီနီမား ကက်တွေ၊ Shopping Center တွေ၊ ဆိုင်ကယ်တွေ စည်ကားလွန်းလှတဲ့ မြိတ်မြို့ရဲ့ နေ့ရက်တွေမှာ လုပ်ငန်းခွင်နဲ့ ဒွန်တွဲပြီး ဒေသန္တရဗဟုသုတ လေ့ လာခွင့်ရခဲ့သလို မီးစက်သံတွေ ဆူညံနေတဲ့ မြို့က မီးစက်သံတွေ တိတ်ဆိတ် သွားတဲ့ မြို့အဖြစ် အမြန်ကူးပြောင်းပါစေလို့ ဆုတောင်းရင်းပေါ့။
သံဗျင်ဦး
(Teen မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၂)


0 comments: