Saturday, March 23, 2013

နှစ်(၃၀)အတွင်း တနင်္သာရီ ကမ်းရိုးတန်း၌ ငါးဖမ်းဆီး ရရှိမှုနှုန်း(၈)ပုံ (၁)ပုံ ခန့် ကျဆင်း

တနင်္သာရီ ကမ်းရိုးတန်း ဒေသ အတွင်း စည်းကမ်းမဲ့ ငါးဖမ်းဆီးမှုများနှင့် နှစ်စဉ် ငါးမဖမ်းရ နယ်မြေ ခွဲဝေ သတ်မှတ်မှု၊ ငါးမဖမ်းရ ရာသီ (closed season, closed area) ကန့်သတ်မှု များကြောင့် ပင်လယ် ပြင်လုံခြုံရေးမရှိဘဲ နှစ်(၃၀)အတွင်း ငါးအထွက်နှုန်း သိသိသာသာ လျော့ကျ သွားကြောင်း မြန်မာ နိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရှိရသည်။ ၁၉၇၉-၈၀ ခုနှစ်က တနင်္သာရီ ကမ်းရိုးတန်း၌ ငါးဖမ်းဆီး ရရှိမှုနှုန်းမှာ (၆၀၀) ဖစ်ဂါနှုန်း ကျော်ရှိခဲ့ရာမှ ၂၀၁၀ ခုနှစ်တွင် ဖမ်းဆီး ရရှိမှု ကုန်ချိန် (၈၉.၇၀) ဖစ်ဂါနှုန်း ခန့်ရှိခဲ့ သော်လည်း ၂၀၁၂ခုနှစ်၌ (၇၀)ဖစ် ဂါနှုန်း ခန့်သာ ရှိတော့၍ ယခင်နှစ်များကထက် (၈)ပုံ (၁) ပုံ ခန့် ဖမ်းဆီးရရှိမှုနှုန်း ကျဆင်း ခဲ့ခြင်း ဖြစ်သည်။

“မမှန်မကန် ငါးဖမ်း စနစ်တွေနဲ့ ဖမ်းနေတော့ ငါးထွက်တဲ့ အရေအတွက် ကလည်း နည်းသွားတယ်။ ရတဲ့ ငါးကလည်း အရွယ်အစား သေးသွားတယ်။ နိုင်ငံတော်က ပင်လယ်ပြင် လုံခြုံရေးကို အပြည့်အ၀ တာဝန် ယူနိုင်မှ ငါးမဖမ်းရ နယ်မြေနဲ့ အချိန်ကို လုပ်သင့်တယ်။ ပြည်ပကို ငါးမဖမ်းဖို့ ပိတ်ထားပေမယ့် ပြည်တွင်းက ပိုဖမ်းချင်တယ်။ လာဘ်ပေး လာဘ်ယူ ကိစ္စတွေ ရှိလာတယ်” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ငါးဖမ်းဆီး ရရှိနှုန်း ကျဆင်း သွားရခြင်းမှာ နှစ်စဉ် ငါးမဖမ်းရနယ်မြေ၊ ငါးမဖမ်းရ ရာသီ (closed season, closed area) ကန့်သတ်မှု များကြောင့် လည်းကောင်း၊ ငါးခိုးဖမ်း လှေများမှာ လာဘ်ပေး လာဘ်ယူ ပြုလုပ်ခြင်းဖြင့် ငါးခိုးဖမ်းမှုများ ရှိလာခြင်းနှင့် ငါးခိုးဖမ်းရာတွင် ဘုံဝန်း (ချုံချ ဗေဒါမွေး၍ ငါးဖမ်းခြင်း) ငါးဖမ်းနည်း စနစ်များကြောင့် ဖြစ်ကြောင်း သိရ သည်။

"အခုဆို ဈေးကွက်ထဲမှာ ငါးမရလို့ အော်နေ ကြတယ်။ ပြည်ပက ရာသီ ဥတုကြောင့် မြန်မာ နိုင်ငံ ငါးသယံ ဇာတက ရှားပါးလာတယ်။ ဒါ့အပြင် အဓိက ဖြစ်နေတာက ဆင်ပိုက်၊ ကျားပိုက်နဲ့ ထောင် လို့ဖြစ်ရတာ။ ငါးစားမယ့် အစာကို ဆင်ပိုက်၊ကျားပိုက်က စားလိုက် သလို ဖြစ်နေတော့ ငါးကြီးထွားမှုနှုန်း ကလည်း ဆုံးရှုံးတယ်။ တိုင်းရင်းသား လုပ်ငန်း ရှင်တွေကို ပိတ်လိုက်ရင် သယံဇာ ထိန်းသိမ်းရေးက အကျိုး သက်ရောက်မှု ရှိသွားနိုင်ပေမယ့် နိုင်ငံတော် က လုပ်ရမယ့် အချက်တွေက ပိုအရေးကြီးပါတယ်” ဟု မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ငါးမဖမ်းရ နယ်မြေ၊ ငါးမဖမ်းရ ရာသီ (closed season, closed area) ကန့်သတ် လိုပါက ပင်လယ်ပြင် လုံခြုံရေး ရှိရန် လိုအပ်ကြောင်း၊ လာဘ်ပေး လာဘ်ယူ ကင်းရှင်းအောင် လုပ်ပေးရန် လိုအပ်ကြောင်းနှင့် ခိုးဖမ်းလှေများမှ ဖမ်းပေးသူများကို ကော်မရှင် ရာနှုန်း အလိုက် ပေးသည့် စနစ် ပြန်လည် ကျင့်သုံးရန် လိုအပ်ကြောင်း၊ ၄င်းအချက်များကို နိုင်ငံတော် က ပြုလုပ်ပြီးမှသာ ငါးမဖမ်းရ နယ်မြေ၊ ငါးမဖမ်းရ ရာသီ ပိတ်သင့် သည်ဟု လုပ်ငန်းရှင် အချို့က အကြံပြု ပြောဆိုသည်။

“တိုင်းရင်းသား လုပ်ငန်းရှင်တွေ ကိုတော့ မဖမ်းရ ဆိုပြီး ပိတ်လိုက် ပေမယ့် ငါးခိုးလှေတွေ ဘယ်လောက် များများ လာဖမ်းနေလဲ ဆိုတာ ပို အရေးကြီး တယ်။ ငါးခိုးတဲ့ သူတွေက လှိုင်း ဘယ်လောက် ကြီးကြီး ခိုးနိုင်တယ်။ ခိုးတတ်တယ်။ လုံခြုံရေးကို ထိထိ ရောက်ရောက် လုပ်ပေးရမယ်။ လာဘ်ပေး လာဘ်ယူ မရှိရ ဘူး။ အရင်ကဆိုရင် ငါးခိုးဖမ်း လှေတွေကို ဖမ်းတဲ့ သူတွေ ရှိတယ်။ ငါးလှေ တစ်စီး ဖမ်းရင် တန်ဖိုးရဲ့ ဘယ်လောက်ကို သူတို့ ရတယ် အဲ့ဒီ စနစ် ကိုလည်း ပြန်ကျင့်သုံးဖို့ လိုပါတယ်”ဟု ရေထွက် ပစ္စည်းနှင့် ပို့ကုန် လုပ်ငန်းရှင် ဒေါ်တိုးနန္ဒာတင်က ပြောသည်။

မြန်မာ့ တနင်္သာရီ ကမ်းရိုး တန်းမှာ မီတာ (၂၈၀၀)ကျော် ရှည်လျား၍ နှစ်စဉ် ဧပြီ၊မေ လလယ် လောက် ပိုင်းမှစ၍ စက်တင်ဘာ လလယ် လောက် အထိ ငါးမဖမ်းရ နယ်မြေ၊ ငါးမဖမ်း ရရာသီ (closed season, closed area)သတ်မှတ် ထားပြီး အဆိုပါ ကာလ၌ ငါးဖမ်းလှေ တန်တစ်ရာအောက် ထွက်ခွင့်မပြုဘဲ တန်တစ်ရာ အထက် လှေများကိုသာ ထွက်ခွင့်ပြု ထားကြောင်း သိရှိ ရသည်။

သဘာဝ ရေပြင်မှ ဖမ်းဆီးသည့် ငါးပုစွန် များရှားပါး လာမှုကြောင့် ထုတ်လုပ်မှု အားနည်း ကာ ၀ယ်လိုအားများ လျက်ရှိပြီး ငါးမြစ်ချင်း ဈေးမှာ တစ်ပိဿာလျှင် (၁၈၇၅-၂၅၀၀) ကျပ်ဖြင့် ရောင်းချ နေသော်လည်း အကောင် အကြီး အသေး ပေါ်မူတည်၍ တစ်ပိဿာလျှင် ၂၅ကျပ် နှုန်းခန့် ဈေးတက်လာခဲ့ကြောင်း ဗဟိုစံပြငါးဈေးက သိရှိရသည်။

Myit Makha Mediagroup Friday, 22 March 2013



0 comments: