Friday, March 22, 2013

လေးကျွန်းဆီမီး စေတီတော်ကြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပါဝင်လှူဒါန်းနိုင်

တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့ကျက်သရေဆောင် လေးကျွန်း ဆီမီး စေတီတော်ကြီး ၏ ဗုဒ္ဓပူဇနိယ တပေါင်း ပွဲတော်ကို မတ် ၂၁ ရက်မှ ၂၇ ရက်အထိ ခုနှစ်ရက် တိုင်တိုင် ကျင်းပမည် ဖြစ်ပြီး ပွဲတော် နောက်ဆုံးရက် မတ် ၂၇ ရက် (၁၃၇၄ ခုနှစ် ၊ တပေါင်း လပြည့်ကျော် ၁ ရက်) ညနေ ၄နာရီတွင် သြ၀ါဒါ စရိယ ဆရာတော်ကြီး ခုနှစ်ပါး အား အမှူးထား၍ ဆရာတော်များ အပါအ၀င် သံဃာတော် များနှင့် သီလရှင် စုစုပေါင်း ၁၁၅ ပါးတို့အား ဆွမ်းဆန်စိမ်း လောင်းလှူမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ တွင် ဆန်နှင့် အခြားပစ္စည်းများ လောင်းလှူ နိုင်ရန် စီစဉ်ထားပါ သဖြင့် မိသားစု အလိုက် ၊ ရပ်ကွက်အလိုက် ၊ အသင်းအဖွဲ့ အလိုက် သော်လည်းကောင်း ၊ ရုံးဌာန အလိုက် သော်လည်းကောင်း ပါဝင်လှူဒါန်း နိုင်ကြောင်း သိရသည်။ ဆွမ်းဆန်စိမ်း ဆက်ကပ် လှူဒါန်းလိုသူ ရုံး/ဌာန ဆိုင်ရာ အသီးသီးမှ ၀န်ထမ်းများ အနေဖြင့် လှူဒါန်း လိုသည့် လှူဖွယ် ပစ္စည်းများကို သက်ဆိုင်ရာ နေရာ များသို့ မတ် ၂၆ ရက် နောက်ဆုံးထား ပေးပို့နိုင်ကြောင်း လေးကျွန်း ဆီမီး စေတီတော်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့ရုံးမှ နိုးဆော်ထားကာ မြိတ်မြို့ လေးကျွန်း စေတီတော်ကြီး ဂေါပကအဖွဲ့ရုံး ဖုန်း-၀၅၉၄၁၁၁၆ တွင် ဆက်သွယ် မေးမြန်း နိုင်ကြောင်း သိရှိ ရသည်။


0 comments: