Thursday, March 14, 2013

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ရွှေတောင် စားစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်၊ မြသပိတ် ရွှေကြာ သင်္ကန်းတော်ကပ်နှင့် ဗုဒ္ဒဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနား ကျင်းပ


တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ ရွှေတောင်စား စေတီတော်မြတ်ကြီး အား ရွှေထီးတော်တင်၊ မြသပိတ် ရွှေကြာသင်္ကန်းတော်ကပ်နှင့် ဗုဒ္ဒဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို မတ်လ(၁၃)ရက် နံနက်(၇)နာရီတွင် အဆိုပါ စေတီတော်မြတ်ကြီး ဓမ္မာရုံတွင် ကျင်းပရာ နိုင်ငံတော် သြ၀ါဒ စရိယ ဆရာတော် အဘိဓဇ မဟာရဌဂုရု ဘဒ္ဒန္တ စန္ဒ၀ံသ ဇေယျဝတီ ကျောင်းတိုက် ဆရာတော် အမှူးပြုသော ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊၊ တပ်မတော် အရာရှိကြီးများ၊ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမြတ်ကိုနှင့် တိုင်းဒေသကြီး ၀န်ကြီးများ၊ စေတနာရှင် အလှူရှင်များ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို တက်ရောက် လာကြသူများက နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရား ကန် တော့၍ အခမ်းအနား ဖွင့်လှစ်ပြီး တေးသံရှင် ပြည့်ဖြိုးလင်းက ဗုဒ္ဒရောင်ခြည်တော်ဖွဲ့ ထူးမခြားနား သီချင်း သီကျူး ပူဇော်ပြီး မင်္ဂလာငွေခရုနှင့် အောင်စည် အောင်မောင်း(၃)ကြိမ် တီးခတ် ပူဇော်သည်။ ထိုနောက် နိုင်ငံတော် သြ၀ါဒစရိယ ဆရာတော် အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တ စန္ဒ၀ံသ ဇေယျဝတီကျောင်းတိုက်ဆရာတော်ထံမှ ပရိတ်သတ်များမှ ကိုးပါးသီလ ခံယူဆောက် တည်ကြပြီး ဆရာတော် သံဃာတော်များ ထံမှ ပရိတ် တရားတော်များ နာယူကြသည်။ ဆက်လက်၍ ဥပါသကာ များက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲနှင့် ပရိတ်ချည်များယူဆောင်၍ စေတီတော် ရင်ပြင်တွင် ပက်ဖျန်းကြဲဖြန့် ချည်နှောင် ကြသည်။

ယင်းနောက် ဘုရား ဒါယကာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ၊၊ တပ်မတော် အရာရှိကြီးများ၊ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် စေတနာရှင် အလှူရှင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့် များကို ဆရာတော် သံဃာတော် အရှင်သူမြတ်များထံ ဆက်ကပ် လှူဒါန်းကြပြီး ဆရာတော် သံဃာတော် များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒန်း ကြသည်။ ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှနှင့် အလှူရှင်များက သီလရှင် ဆရာကြီးများအား သီလရှင် ၀တ်စုံ လှူဒါန်းကြသည်။ ဆက်လက်၍ စေတနာရှင် အလှူရှင်များက စေတီတော်မြတ်ကြီး အတွက် အလှူတော်ငွေ ကျပ်သိန်းပေါင်း (၅၀၀၀)ကျော်အား လှူဒါန်းကြရာ စေတီတော် ဂေါပကအဖွဲ့မှ လက်ခံ ရယူသည်။
 
ထိုနောက် နိုင်ငံတော် သြ၀ါဒ စရိယ ဆရာတော် အဘိဓဇ မဟာ ရဌဂုရု ဘဒ္ဒန္တ အာစိဏာဘိဝံသ မဟာ ဃောသိတာရာမ ပါဠိတက္ကသိုလ် ကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေ ကြသည်။ ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဗိသုကာ ပညာရှင်များအား လက်ဆောင် ပစ္စည်းများ ချီးမြှင့်ပြီး ဗိသုကာပညာရှင် ဦးအောင်မြတ်က စေတီတော်ကို မူလဘုရား ဒါယကာများထံ ပြန်လည်အပ်နှံ၍ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးဝင်းဆွေက စေတီတော် တည်ဆောက်ရာတွင် မပြည့်စုံမှု၊ မှားယွင်းမှုများ ရှိပါက ခွင့်လွတ်ပါရန် သမ္မာဒေ၀နတ်ကောင်းနတ်မြတ်များထံ တောင်းပန်လွှာ စာတမ်း ဖတ်ကြားသည်။

ဆက်လက်၍ ဘုရား ဒါယကာ၊ ဒါယါကာများက ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် ဘုံဆင့်များကို ပင့်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ် တစ်ပတ်ပူဇော်ကာ မင်္ဂလာ ရထားပျံ မဏ္ဍပ်သို့ ပို့ဆောင်ကာ မင်္ဂလာ အချိန်တွင် မင်္ဂလာ ရထားပျံ မြလေယာဉ်ဖြင့် ရွှေထီးတော်၊ ငှက်မြတ် နားတော်နှင့် ရတနာ စိန်ဖူးတော်များကို ပရိတ် နံ့သာရေ၊ တရော်ကင်းပွန်း၊ ရေစင် ရေသန့်များ ပက်ဖျန်း ပူဇော်ကြကာ စေတီတော် မြတ်ကြီးအား တင်လှူ ပူဇော်ကြရာ ဆရာတော် သံဃာတော် အရှင်သူများက ဇယန္တော ဗောဓိယာမူလေ အစချီသော ဇယမင်္ဂလာ အောင် ဂါထာတော် များကို ရွတ်ဆို ပူဇော်ကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စေတီတော် အထွဋ်တွင် သာသနာ့ အောင်လံတော်ကို တပ်ဆင် ပူဇော်ပြီး ရတနာ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုး ကြသည်။

ဆက်လက်ပြီး ဘုရာ ဒါယကာများက သက်ဆိုင်ရာ အာရုံခံ တန်ဆောင်းများတွင် မြသပိတ်ဆွမ်းတော်၊ သစ်သီး ပန်းမန်၊ သောက်တော်ရေများ ကပ်လှူ ပူဇော်ကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များမှ ဗုဒ္ဒဘိသေက အနေကဇာတင်၍ ဗုဒ္ဒါ ဘိသိက်သွန်းတော် မူသည်။ ထိုနောက် အခမ်းအနားမှူး ဦးသူရက အောင်ဆု မင်္ဂလာအမျှဝေ စာတမ်း ဖတ်ကြားပြီး နတ်ဗြဟ္မာများအား ပြန်လည် ပို့ဆောင်ပေးပြီး အခမ်းအနားကို ဗုဒ္ဒသာသ နံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်းကြပြီး အခမ်းအနား ရုပ်သိမ်းသည်။ အခမ်းအနား အပြီးတွင် သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပြီး အနယ်နယ် အရပ်ရပ်မှရောက်ရှိလာသော ဧည့်ပရိတ် သတ်များအား နေ့လည်စာဖြင့် တည့်ခင်းဧည့်ခံ ကြောင်း သတင်း ရရှိသည်။



0 comments: