Wednesday, March 20, 2013

ကမ်းရိုးတန်းသွား အမြန်ရေယာဉ် များအား ကြပ်မတ် ပေးစေချင် (ပေးစာ )

ထားဝယ်- မြိတ်- ကော့သောင်း  ကမ်းရိုးတန်းသွား အမြန်ရေယာဉ် များသည် ရေကြောင်း ဦးစီးဌါနမှ သတ်မှတ် ခွင့်ပြု ထားသည့် ခရီးသည် အရေအတွက်ထက် များစွာ ပိုမို တင်ဆောင်ခြင်းကြောင့် ခရီးသည်များ ထိုင်ခုံနေရာ မရဘဲ အမြန်ယာဉ် အမိုးပေါ် တက်စီးရခြင်း၊ လှေခါးများ၊ အိမ်သာ တံခါးဝ များတွင် ဖြစ်သလို ထိုင်စီးရခြင်းများ အပြင် ခရီးသည်များအား အမြန် ရေယာဉ် ပိုင်ရှင်များ၊ အမြန်ရေယာဉ် အလုပ်သမားများမှ ရိုင်းစိုင်းစွာ ပြုမူ ပြောဆို ဆက်ဆံခြင်း များ ပြုလုပ်လျက် ရှိရာ ခရီးသည်များ အနေဖြင့် တန်ရာ တန်ဖိုး အခကြေးငွေ ပေးပြီး စီးနင်းသော်လည်း များစွာ အောက်ကျ နောက်ကျ ဖြစ်ရပါသည်။

ထို့အပြင် မြိတ်မြို့ ဆိပ်ငယ် ဘောတံတား တွင်လည်း အမြန်ရေယာဉ်ပေါ် အတက်တွင် လည်းကောင်း ၊ အဆင်း တွင်လည်းကောင်း ထိုင်ခုံနေရာ ရရှိရေး အတွက် တိုးဝှေ့ တက်ဆင်းမှုများ ဆောင်ရွက်နေရသည့် အတွက် ဘောတံတားမှ ရေထဲ ပြုတ်ကျနိုင်သည့် အခြေအနေ ရှိပါသည်။ မော်တော်ဆိုင်ကယ် တက္ကစီသမားများ ကလည်း အမြန်ယာဉ် အပေါက်ဝတွင် ပိတ်ပြီး ခရီးသည်များ အလုအယက် ခေါ်ခြင်း၊ ပစ္စည်းများ အတင်း ဆွဲယူခြင်း များကြောင့် ပစ္စည်းများ ပျောက်ဆုံးမှုများ ဖြစ်ပေါ် နေပါသည်။

သို့ဖြစ်ပါ၍ သက်ဆိုင်ရာမှ လိုအပ်သလို ကြပ်မတ် ပြုပြင် စစ်ဆေး ပေးပါရန် တင်ပြအပ်ပါသည်။


1 comments:

ko aung said...

ဆိပ်ကမ်းတွင်တာဝန်ကျဝန်ထမ်းအဖွဲ့အစည်းများကလည်း ဘောတံတားပေါ်ရှိဈေးသည်များနှင့်ဆိုင်ကယ်သမားများ ကိုဖယ်ရှားရှင်းလင်းပြီးလိုက်နာမှုမရှိကဥပဒေအရထိရောက် စွာအရေးယူသင့်ပါတယ်။