Friday, January 11, 2013

ကျွန်းစုမြို့နယ် ၀ဲကျွန်းကျေးရွာမီးဘေးသင့် ပြည်သူများအတွက် အစိုးရအဖွဲ့နှင့် ပြည်သူများ၊ အဖွဲ့အစည်းများမှ လှူဒါန်း ထောက်ပံ့ငွေ နှင့် ပစ္စည်းများပေးအပ်ပွဲ ပြုလုပ်



၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့ နေ့လည် ၁၂၀၀ နာရီအချိန် ကျွန်းစုမြို့နယ် ရေကန်တောင် ကျေး၇ွာအုပ်စု ၀ဲကျွန်းကျေးရွာ ဦးဥာဏ်သိန်း ကျောက်ပုစွန် လုပ်ငန်း ဂိုဒေါင်မှ တဆင့် မီးပေါ့ဆမှုဖြစ်ပွားပြီး မီးလောင်ကျွမ်းမှု ကြောင့် နေအိမ် (၃၁)လုံးဆုံးရှုံးကာ အိမ်ထောင်စု ၃၆ စု၊ လူဦးရေ (၁၈၇) ဦး၊ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည့် မီးဘေး ဒုက္ခသည်များ အတွက် အလှူငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ၀ဲကျွန်းကျေး၇ွာ မီးလောင်ပြင်ရှိ ကွင်းပြင်တွင် ၈-၁-၂၀၁၃ ရက်နေ့ နံနက် (၀၈၀၀) နာရီအချိန် ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား သစ်တောနှင့် သတ္တု ၀န်ကြီးဦးတင်စိုး တက်ရောက် အားပေး သည်။ 



အခမ်းအနားတွင် တိုင်းဒေသကြီး ၀န်ကြီး သစ်တောနှင့် သတ္တု ၀န်ကြီး ဦးတင်စိုးနှင့် တနင်္သာရီတိုင်း ကြက်ခြေနီတပ်ဖွဲ့ ဦးစီးမှူး (ပ) ဦးကြည်တင်တို့မှ မီးဘေးသင့် ပြည်သူများအား အားပေးစကား ပြောကြား ပြီးနောက် စုစုပေါင်းငွေကျပ် (၂၂၀၂၇၃၉၀ိ/) ကျပ် (နှစ်ရာနှစ်ဆယ်သိန်း၊ နှစ်သောင်း၊ ခုနှစ်ထောင်၊ သုံးရာကိုးဆယ်) တန်ဖိုးရှိအလှူငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်လှူဒါန်းသည်။ 


 ပထမဦးစွာ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့က လှူဒါန်းသော ငွေကျပ် (၅၈၅၀၀၀ိ) တန်ဖိုးရှိသည့် ဆန် (၃၆)အိတ်၊ စားသုံးဆီ (၃)ပုံးနှင့် မီးဘေးသင့် နေအိမ် (၃၁)လုံးအတွက် အိမ်တစ်လုံးလျှင် ငွေကျပ် (၅) သောင်းနှုန်းဖြင့် (၁၅၅၀၀၀၀ိ/) ၊ မီးဘေးသင့် လူဦးရေ (၁၈၇) ဦးအတွက် စားနပ်ရိက္ခာထောက်ပံ့ငွေ (၁၄၁၇၆၀ိ)အား သစ်တောနှင့် သတ္တု ၀န်ကြီးဦးတင်စိုးက ပေးအပ်လှူဒါန်းရာ မီးဘေးသင့် ပြည်သူများ ကိုယ်စား ကျေးရွာ ရာအိမ်မှူး ဦးဝင်းစိုးထိုက်က လက်ခံရယူသည်။ 

ဆက်လက်ပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့ လှူဒါန်းသည့် ငွေကျပ် (၁၃၈၃၀၆၀၀ိ/) တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်းနှင့် လူသုံးကုန် ပစ္စည်းများအား တနင်္သာရီတိုင်း ဒေသကြီး ကြက်ခြေနီတပ်ဖွဲ့ ဦးစီးမှူး (ပ) ဦးကြည်တင် မှလည်း လှူဒါန်းသည်။ ထိုနောက် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနမှ လူဒါန်းသည့် ကယ်ဆယ်ရေး ပစ္စည်း (၆)မျိုး စုစုပေါင်းငွေကျပ် (၅၆၅၀၄၈ိ/) တန်ဖိုးရှိ ပစ္စည်းများအား ဌာနစိတ်မှူး ဦးအာကာကိုကိုက ပေးအပ်လှူဒါန်းသည်။ 



ပြီးနောက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျားမောင်က လှူဒါန်းသည့် ငွေကျပ် (၉၆၀၀၀၀ိ) တန်ဖိုးရှိသည့် ဆန် (၃၂)အိတ်နှင့် စားသုံးဆီ (၃၂)ပုံး၊ ကျွန်းစုမြို့နယ် ပြည်ခိုင်ဖြိုးပါတီက လှူဒါန်းသည့် ငွေကျပ် (၅)သောင်းအား ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးလင်းမောင်မောင်အေးက လှူဒါန်းပေးအပ်သည်။
 


ဆက်လက်ပြီး ကျွန်းစုမြို့နယ်နှင့် မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကျန်းမာရေး စောင့်ရှောက်မှု ကွန်ယက်က လှူဒါန်းသည့် ငွေကျပ် (၂)သိန်းခွဲနှင့် အ၀တ်အထည် ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများအားဦးနီးနှင့် ဦးဖိုးဇော် တို့မှလှူဒါန်းသည်။ 


ထိုနောက် ၀ဲကျွန်းကျေးရွာ ပြည်သူလူထုများက လှူဒါန်းငွေ (၁၇)သိန်းအား ၀ဲကျွန်းကျေးရွာနေ ဦးဖိုးကောင်းက လည်းကောင်း၊ ရေကန်တောင်ကျေးရွာပြည်သူများက လှူဒါန်းသောငွေကျပ် (၁)သိန်းအား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအိုထွေးက လည်းကောင်းပေးအပ် လှူဒါန်းရာ မီးဘေးသင့် ပြည်သူများက အသီးသီးလက်ခံရယူပြီး အလှူငွေ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားအား ရုပ်သိမ်းလိုက်သည်။ 


ဝဲကျွန်းကျေးရွာ မီးဘေးသင့် ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းလိုပါက မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံး (ဖုန်း) 059-41013၊ ကျွန်းစုမြို့နယ် အုပ်ချုပ်ရေးမှူးရုံး (ဖုန်း) 059-62010 ၊ ကွပ်ကဲရေးစခန်း (၀ဲကျွန်း) 098769257၊ များသို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်းသတင်းရရှိသည်။

  





0 comments: