Wednesday, January 16, 2013

အတန်းပိုင် ဆရာမက ဒုတိယတန်း ကျောင်းသားအား ရိုက်နှက်ဆုံးမခြင်းအား မကျေနပ်၍ ပညာရေးမှူးထံ တိုင်ကြား


တနင်္သာရီတိုင်း မြိတ်မြို့ အထက(၂) ဒုတိယတန်း (စီ) တွင် ပညာသင်ကြားနေသည့် ယခင် ကြောင်ငယ်ရပ် (ယခု- ကန်ကြီးရပ် သဲကွင်း ) တွင် နေထိုင်သူ ဦးတင်ထွန်း ၊ ဒေါ်နွဲ့နွဲ့ရှင်တို့၏ သား မောင်ထက်ဇာနည်ထွန်း အား ၄င်း၏ အတန်းပိုင် ဆရာမ ဒေါ်ဖြူဖြူသွယ်က ကျောင်းတက် ပျက်ကွက်သည့် အတွက် ရိုက်နှက် ဆုံးမမှု ကို မကျေနပ်သဖြင့် မြို့နယ် ပညာရေးမှူးထံ တိုင်ကြားထားကြောင်း သိရှိရသည်။

တိုင်ကြားသည့် အကြောင်းရင်းမှာ ၄င်းတို့သည် (၆-၁-၂၀၁၃) ရက်နေ့ ကျွန်းစုမြို့နယ် ၀ဲကျွန်း ကျေးရွာ မီးလောင်သည့် နေရာသို့ ခရီးသွားရောက်မည် ဖြစ်သဖြင့် ကျောင်းတွင် ခွင့်တိုင်ကြားရန် အချိန်မရ၍ ကလေးဖြစ်သူကိုပါ ခေါ်သွားရာ ကျောင်း (၂) ရက် ပျက်ကွက် ခဲ့ကြောင်း၊ ခရီးမှ ပြန်ရောက်လာပြီးနောက် ကလေးအား ကျောင်းပြန်တက်စေရာ ကလေး ကျောင်းမှ ပြန်ရောက် လာပြီးနောက် ရေချိုးပေးသည့် အချိန်ကျမှ ဓာတ်ပုံတွင် ဖော်ပြထားသည့် အတိုင်း ညိုမဲနေသည့် ဒဏ်ရာ ဒဏ်ချက်များအား တွေ့ရသဖြင့် ကလေးအား မေးမြန်းကြည့်ရာ ၄င်း၏ အတန်းပိုင် ဆရာမ ဒေါ်ဖြူဖြူသွယ်က ကလေး ကျောင်းပျက်ကွက်သည့် ကိစ္စနှင့် ပတ်သက်ပြီး ရိုက်နက်ရာ ကလေးမှ ကြောက်ရွှံ့ပြီး အတန်းထဲတွင် ပတ်ပြေးသဖြင့် ဆရာမက ဒေါသပိုထွက်ပြီး ပိုရိုက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ရိုက်နှက်မှု အပေါ် မိဘရှင်များက ကျောင်းအုပ်ဆရာမကြီးထံ တိုင်ကြားရာ ကျောင်းအုပ် ဆရာမကြီး ရှေ့တွင် ဆရာမ ဒေါ်ဖြူဖြူသွယ်က ၄င်းက ရိုက်နှက်ရာတွင် လက်လွန်သွားကြောင်း ၀န်ခံ ပြောကြား ခဲ့သော်လည်း ဒုတိယတန်း(ဘီ)မှ ဆရာမ ဖြစ်သူ ဒေါ်ပြည့်ပြည့်စိုး ဆိုသူမှ ''ကိုယ့်သားသမီး ပညာရေးကို မသိ ကြောင်း၊ ဆရာမ ဆိုရင် ရိုက်ပိုင်ခွင့် ရှိကြောင်း၊ ကြိုက်တဲ့နေရာ သွားနိုင်ကြောင်း၊ ရှင်တို့ အရှေ့မှ သွားလျှင် ကျွန်မ နောက်မှ လိုက်ဖြေရှင်းသွားမည်ဟု ““ ပြောဆိုခဲ့သည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး မိဘများဖြစ်သည့် ဦးတင်ထွန်း ဒေါ်နွဲ့နွဲ့ရှင် တို့က ကျေနပ်မှု မရှိသည့် အတွက် အဆိုပါ ဆရာမ (၂) ဦးအား ထိရောက်စွာ အရေးယူ ပေးပါရန် မြိတ်မြို့နယ် ပညာရေးမှူး ထံသို့ တိုင်ကြား ထားကြောင်း သတင်းရရှိပါသည်။




2 comments:

Unknown said...

ဆရာမ တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ညိုးနွမ်းစေတဲ့ အရေးအသားဖြစ်တဲ့ (ကျွန်းစုတွင်ဓါးထောက်ခံရပြီး ပဒိန်းကျင့်ခံရသူ ဖြစ်သည်။ဒါကြောင့်နုတ်သီးကောင်းလျာပါးဖြစ်နေတာလား) ကို ၁၆ရက်နေ့က Facebook မှာဖတ်လိုက်ရတယ်...အဖြစ်မှန်ကိုသိချင်လို့ စုံစမ်းကြည့်လိုက်တော့ ဒေါ်ပြည့်ပြည့်စိုး ဟာ ကျွန်းစု အထက မှာ ၂၀၁၁ ခုနှစ်က တာဝန်ထမ်းဆောင်ခဲ့စဉ် သူခိုးနဲ့ဆုံပြီး ဓါးထိုးခံရမှု တစ်ခုဖြစ်ပွားခဲ့သည်။(ထိုတရားခံမှာလည်းထောင်ငါးနှစ်)ကျခဲ့တယ်။(မတရားစော်ကားခံရခြင်း လုံးဝမရှိခဲ့ဘူးဆိုတာကို ရဲရဲ ဝံ့ဝံ့ အာမခံနိုင်ပါတယ်။ဒါကြောင့် ဒီသတင်းဟာ သတင်းမှားတစ်ခု ဖြစ်ကြောင်း။(အသေးစိတ်သိချင်ရင် ..ကျွန်းစုတရားရုံး၊ရဲစခန်း၊ကျွန်းစု အထက ရွာလူကြီးများ ထံတွင် စုံစမ်းနိုင်ပါကြောင်း)
Facebook ပေါ်ကိုတင်လိုက်တဲ့ သတင်းတိုင်းကို အမှန်လို့ ယူဆလို့မရဘူး၊တင်ထားတဲ့သတင်းမှန် မမှန် အရင်လေ့လာပြီးမှ comment လုပ်သင့်တယ်၊ကိုယ်ရေးလိုက်တဲ့ comment ကြောင့် တခြားလူတယောက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တဲ့အရေးသားမျိုးကိုရှောင့်သင့်တယ်။သူတပါးရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင်လုပ်ရင်မိမိရဲ့ ဂုဏ်သိက္ခာလဲ ညှိုးနွမ်းတတ်တယ်ဆိုတာ သတိထားစေချင်တယ်။

Unknown said...

"ဆရာ ဆရာမက ဆုံးမသလို မိဘအနေနဲ့လဲ ကိုယ့်သားသမီးကို ဆုံးမသင့်တယ်"လို့ပြောမိတဲ့ ဆရာမရဲ့စကားဟာ မှားနေပါသလား????