Sunday, January 13, 2013

ကရင်အမျိုးသားများ နှစ်သစ်ကူး ပွဲတော် မြိတ်မြို့တွင် စည်းကားစွာ ကျင်းပပြုလုပ်


ကရင်သက္ကရာဇ် ၂၇၅၂ ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့  ၊ခရစ်နှစ် ၂၀၁၃ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့ တွင် ကျရောက်သည့် ကရင်အမျိုးသားများ၏ နှစ်သစ်ကူးပွဲတော်ကို မြိတ်မြို့ ဘုရားငါးဆူရပ်ရှိ မြို့မ အားကစား ကွင်းနှင့် ကန်ဖျားရပ်ရှိ မြိတ်ခရိုင် မိုးလုံလေလုံ အားကစား ခန်းမတို့ တွင် (၈) ရက်နေ့မှ (၁၂) ရက်နေ့ အထိ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
နှစ်သစ်ကူး ပွဲတော်တွင် ကရင်ဒုံးယိမ်း ပြိုင်ပွဲ၊ ကရင်ရိုးရာ ကောက်သစ်စားပွဲ၊ ကရင်ရိုးရာ တေးသီချင်းနှင့် မြန်မာ ခေတ်ပေါ် တေးဖျော်ဖြေပွဲ၊ ရိုးရာ လက်ဝှေ့ လူသစ်တန်းနှင့် အထူး စိန်ခေါ်ပွဲ၊ ပြေးခုန်ပစ် အားကစား မျိုးစုံပြိုင်ပွဲ၊ လွန်ဆွဲပွဲ၊ ခေါင်းအုံးရိုက်ပွဲ၊  ချောတိုင်တက်ပွဲ၊ မော်ဒယ်ရှိုးနှင့် ကရင်ရိုးရာ ဝတ်စား ဆင်ယင်မှု ပြပွဲ၊ ယဉ်ကျေးမှု ပြခန်းများ၊ ကုမ္ပဏီ များ၏ ဈေးရောင်း ပြခန်းများနှင့် ဈေးပွဲတော် အရောင်းဆိုင်များ ဖွင့်လှစ် ရောင်းချခဲ့သဖြင့် ကြိတ်ကြိတ်တိုး စည်ကားခဲ့သည်။ အထူးအစီအစဉ် အဖြစ် ၁၂-၁-၂၀၁၃ ရက်နေ့ ညတွင် ကရင်နှစ်သစ်ကူး ပွဲတော် မဟာ ကံထူးရှင် ကံစမ်းမဲ ဖွင့်ပွဲကိုပါ ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။

အဆိုပါ ပွဲတော် ဖွင့်ပွဲ အခမ်းအနားအား ဇန်န၀ါရီလ (၈) ရက်နေ့ ညနေ(၄) နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးစောဟာဗီ၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ကရင်နှစ်သစ်ကူး ပွဲတော် ဖြစ်မြောက်ရေး နာယက ဆရာတော် ဦးဝိမလ၊ တိုင်းရင်းသားကိုယ်စားလှယ် ဖဒို စောထူးစော တို့က ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။ 

ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော်အား ယခင်နှစ်က ထားဝယ်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် မြိတ်မြို့တွင် ကျင်းပပြုလုပ်ကာ လာမည့်နှစ်တွင် ကော့သောင်းမြို့၌ ကျင်းပရန် ရည်ရွယ် ထားကြောင်း သိရှိရသည်။ မြိတ်မြို့တွင် ကျင်းပသော ပွဲတော်သို့ မြိတ်ခရိုင်အတွင်းရှိ မြိတ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီ မြို့နယ် များတွင် နေထိုင်သော ကရင်လူမျိုးများ သောင်းချီ ပါဝင်ဆင်နွဲကြကြောင်း သတင်းရရှိပါသည်။


0 comments: