Wednesday, January 29, 2014

ရေး- ထားဝယ် - မြိတ် - ကော့သောင်းလမ်းအား လမ်းနယ်နိမိတ် ပေ(၁၀၀)သာ သတ်မှတ် ထားရှိ ၊ အာရှ အဆင့်မီ (၂၄)ပေ (၂)လမ်းသွား အဖြစ် ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ သန်း (၃၀၀) ဖြင့် ဆောင်ရွက်မည်



တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ၅၀၄ မိုင် ၇ ဖာလုံ ရှိသော ရေး- ထားဝယ်- မြိတ်- ကော့သောင်း လမ်းသည် ပြည်ထောင်စု အစိုးရအဖွဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ စီမံခန့်ခွဲသည့်လမ်း ဖြစ်ပါကြောင်း၊ ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီးနောက် အာဆီယံလမ်း ကွန်ယက် ဖွံ့ဖြိုးရေး အတွက် ၁၉၉၉ ခုနှစ် စက်တင်ဘာလက ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ တို့တွင် ပြုလုပ်ခဲ့သော ပို့ဆောင်ရေး ဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံလမ်း ကွန်ယက် ဖွံ့ဖြိုးရေး စီမံကိန်းကို ဆောင်ရွက်ရန် မြန်မာနိုင်ငံမှ သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့ပြီး အဆိုပါ သဘောတူ ညီချက်များ အရ ရေး-ထားဝယ်-မြိတ်- ကော့သောင်းလမ်းကို အာရှ/ အာဆီယံ လမ်းမကြီး (AH-112) အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါကြောင်း။ အာရှနှင့် အာဆီယံ လမ်းမကြီး များသည် စံချိန်စံညွှန်း နှင့်အညီ အဆင့်မီ နှစ်လမ်းသွား ကတ္တရာ လမ်းဖြစ်ပြီး ရန်ပုံငွေ အပေါ် မူတည်ပြီး အဆင့်ဆင့် ဆောင်ရွက် သွားမည်ဖြစ်ရာ  ၂၀၁၄-၁၅ ဘဏ္ဍာ ရေးနှစ်တွင် China EXIM Bank ၏ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၀၀ နှင့် အရင် အမြန်လမ်းကို လျာထား ခဲ့သော လမ်းချဲ့ခြင်း လုပ်ငန်းကို ဆောင်ရွက်ခြင်း မပြုဘဲ ရေး- ထားဝယ် - မြိတ်- ကော့သောင်းလမ်းကို အဆင့်မီ လမ်းမကြီး အဖြစ် ဆောက်လုပ် သွားနိုင်ရန် လျာထားချက်ဖြင့် စီစဉ် ဆောင်ရွက် ထားလျက် ရှိပါကြောင်း၊ ထို့ကြောင့်  တနင်္သာရီ တိုင်း ဒေသကြီး အဆိုပါ လမ်းပိုင်းသည် အဆင့်မီ ၂၄ ပေ နှစ်လမ်းသွား လမ်းမကြီး ဖြစ်လာမည် ဖြစ်ပါကြောင်း။  အာဆီယံ/ အာရှ လမ်းမကြီးများကို ASIAN, ASEAN and GMS Road Standard and Class များနှင့်အညီ သတ်မှတ် ဆောင်ရွက်မည် ဖြစ်ခြင်းကြောင့် အာဆီယံ/ အာရှ လမ်းမကြီး များ၏ နယ်နိမိတ်ကို မူလက ပေ ၃၀၀ သတ်မှတ်ခဲ့သော်လည်း ယခုအခါ နိုင်ငံတကာ၏ သတ်မှတ်ချက် အတိုင်း လမ်း နယ်နိမိတ်ကို ၇၀ မီတာ ၂၃၀  ပေ လမ်း အလယ်မှ တစ်ဖက် ၁၁၅ ပေ အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး ဖြစ်ပါကြောင်း။ သို့သော် မြို့တွင်းနှင့် ရွာတွင်းရှိ လမ်းများကို လမ်းနယ်နိမိတ် အနည်းဆုံး ပေ ၁၀၀ သတ်မှတ် ထားရှိထား ပါကြောင်း၊ ထို့အပြင်  တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တို့နှင့်  ညှိနှိုင်းပြီး အနည်းဆုံး လိုအပ်ချက် အတိုင်း ဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း (၂၈-၁-၂၀၁၄) ရက်နေ့ တွင် ပြုလုပ်သော ပထမ အကြိမ် ပြည်သူ့ လွှတ်တော် နဝမပုံမှန် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုး၏ အဆိုပါ လမ်းမကြီးနှင့် ပတ်သက်၍ ပြည်သူများ မနစ်နာစေရန် လမ်း၏နယ် နိမိတ် အကျယ် အဝန်းကို မြို့တွင်း/ မြို့ပြင်၊ ကျေးရွာ တွင်း/ ကျေးရွာပြင်ပ တို့တွင် မည်သို့ သတ်မှတ်ထား ရှိသည်ကို သိရှိလိုပါကြောင်းနှင့်  စတင်မည့် အချိန်နှင့် ပြီးဆုံးမည့် ဘဏ္ဍာရေးနှစ် တို့ကို သိရှိလိုပါကြောင်း မေးမြန်း သည့် မေးခွန်း အပေါ် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင် က အထက်ပါ အတိုင်း ဖြေကြားခဲ့သည်။ 

 မြိတ် - တနင်္သာရီ လမ်းပိုင်း တစ်နေရာ


တနင်္သာရီတိုင်း ဒေသကြီးသည်  ကမ်းရိုးတန်း ဒေသတစ်ခု ဖြစ်သည်နှင့် အညီ ရေး- ထားဝယ်-မြိတ်-ကော့သောင်း ကား လမ်းမကြီး သည်လည်း တနင်္သာရီတိုင်း၏ တစ်ခု တည်းသော လမ်းမကြီး ဖြစ်သကဲ့သို့ နိုင်ငံတော်၏ ပြည်ထောင်စု လမ်းမကြီးလည်း ဖြစ် ပါကြောင်း၊ တနင်္သာရီတိုင်းအတွင်း မြို့နယ် ၁၀ မြို့နယ်ရှိသည့် အနက် ၈ မြို့နယ် သည် ပြည်ထောင်စု လမ်းမကြီး ပေါ်တွင် တည်ရှိပြီး ပြည်သူများသည် လည်း ပြည်ထောင်စု လမ်းမကြီး၏ လမ်းဘေး ဝဲယာတွင် နေထိုင် လာခဲ့ကြပါကြောင်း၊  ယခင်က လမ်းမကြီး၏ နယ်နိမိတ်သည် ပေ ၁၀၀ ဟု ဆိုသော်လည်း တချို့နေရာ များရှိ မြို့တွင်း လမ်းများသည် ပေ ၅၀ ဝန်းကျင် ခန့်သာ ကျယ်ဝန်း ပါကြောင်း။ ယနေ့အချိန်တွင် ပြည်ထောင်စု လမ်းမကြီးကို ပြုပြင်ခြင်း၊ ကတ္တရာ ထပ်ပိုးခြင်း၊ လမ်းချဲ့ခြင်းများ ပြုလုပ်ပေးလာ သကဲ့သို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများမှ အကြောင်းကြားစာ များမှာ ၎င်းလမ်း သည် (AH-112) လမ်းဖြစ်ပြီး လမ်းနယ် နိမိတ် ပေ ၃၀၀ ရှိကြောင်းနှင့် လမ်းနယ်နိမိတ် အတွင်းရှိ ကျူးကျော် အိမ်ရာများ၊ ဆိုင်ခန်းများနှင့် အခြား အဆောက် အဦများ ထပ်မံတိုးချဲ့မှု မရှိစေရန်၊ လက်ရှိ တည်ရှိ ပြီးဖြစ်သော အဆောက်အဦနှင့် အိမ်ရာများ ရှင်းလင်းဖယ် ရှားဆောင်ရွက် သွားရန် အစီအစဉ်များ ပါရှိ ပါကြောင်း၊ ထို့ကြောင့် လမ်းဘေးဝဲယာ တစ်ဖက် တစ်ချက်စီတွင် နေထိုင်ကြသော ပြည်သူ များသည် မည်သည့် အချိန်တွင် ၎င်းတို့၏ အိမ်ရာများ ရှင်းလင်း ဖယ်ရှား ခံရမည်ကို စိုးရိမ်သောက ဖြစ်နေကြ ပါကြောင်း။ အဆိုပါ လမ်းမကြီးနှင့် ပတ်သက်၍ ပြည်သူများ မနစ်နာစေရန် လမ်း၏ နယ် နိမိတ် အကျယ်အဝန်းကို မြို့တွင်း/ မြို့ပြင်၊ ကျေးရွာ တွင်း/ ကျေးရွာပြင်ပ တို့တွင် မည်သို့ သတ်မှတ်ထား ရှိသည်ကို သိရှိလို ပါကြောင်းနှင့်  စတင်မည့် အချိန်နှင့် ပြီးဆုံးမည့် ဘဏ္ဍာရေးနှစ် တို့ကို သိရှိလိုပါကြောင်း မေးမြန်း သည့် မေးခွန်းအား ပြည်ထောင်စု ၀န်ကြီးက ဖြေကြား ခဲ့သည်။

0 comments: