Thursday, August 14, 2014

မြိတ်မြို့၌ အစ္စလာမ် ဘာသာဝင် အိမ်ထောင်စု (၉)စုက ဗုဒ္ဓဘာသာဝင် အဖြစ်သို့ ကိုးကွယ်ရာ ဘာသာ ကူးပြောင်း ခံယူပွဲ အခမ်းအနား ကျင်းပ

အစ္စလာမ် ဘာသာဝင် အိမ်ထောင်စု (၉)စုမှ မိသားစုဝင် (၄၃)ဦးတို့သည် အစ္စလာမ် ဘာသာဝင် အဖြစ်မှ ဗုဒ္ဓဘာသာဝင် အဖြစ်သို့ ကူးပြောင်းခံယူပွဲ အခမ်းအနားအား မြိတ်မြို့ မြစ်ငယ်ရပ် ရွှေကျောင်း ပရိယတ္တိ စာသင်တိုက် ၌ သြဂုတ်လ (၁၄) ရက်နေ့ နေ့လည် (၁)နာရီ အချိန်၌ ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်း ဒေသကြီး သံဃမဟာနာယက အဖွဲ့နှင့် မြိတ်မြို့နယ် သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဆရာတော်များ၊ မြိတ်မြို့နယ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် ဆရာတော် သံဃာတော်များ ၊ မြိတ်မြို့ပေါ်ရှိ လူမှုရေးနှင့် ဘာသာရေး အသင်းအဖွဲ့များ ၊ ဗုဒ္ဓဘာသာဝင်များ စုစုပေါင်း အင်အား (၁၀၀၀) ကျော်ခန့် တက်ရောက် ကြသည်။ 


ဆရာတော်ကြီးများထံမှ သြ၀ါဒ ခံယူစဉ်


ဘာသာကူးပြောင်းလာသူ မိသားစုဝင်များ

အခမ်းအနားတွင် နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီးနောက် ဆရာတော်ကြီးများမှ ဘာသာကူးပြောင်း လာကြသူများနှင့် ဧည့်ပရိသတ် များအား သြ၀ါဒ ကထာများ ပြောကြားပြီးနောက် မြိတ်မြို့နယ် သံဃ မဟာနာယက ဥက္ကဋ္ဌ ရွှေကျောင်း ပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ပညိန္ဒာစာရ က ဗုဒ္ဓဘာသာ အစ သရဏဂုံက ဆိုသည့် အတိုင်း ဘာသာကူးပြောင်းလာကြ သူများအား သရဏာဂုံ ခံယူဆောက်တည် နိုင်ရန် ဆောင်ရွက်ပေးခဲ့သည်။ 

ထိုနောက် ဘာသာကူးပြောင်းလာကြသူများက ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ စသည့် ရတနာ သုံးပါးအား ခံယူဆောက်တည်သည့် ဥပါသကာ၊ ဥပါသကမ များ အဖြစ် သတ်မှတ်ပေးတော်မူပါရန် ဆရာတော် သံဃာတော်များအား လျှောက်တင်ရာ ဆရာတော် သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင် ဧည့်ပရိတ်သတ်များက လက်ခံသဘောတူကြောင်း သာဓု သုံးကြိမ် ခေါ်ဆိုကြသည်။ 

ယင်းနောက် မြိတ်မြို့နယ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌ အောင်မင်္ဂလာ ပရိယတ္တိ စာသင်တိုက် တိုက်အုပ်ဆရာတော် ဦးဓမ္မ၀ံသက ဗုဒ္ဓဘာသာ ခံယူပွဲနှင့် ပတ်သက်ပြီး ၀မ်းမြောက် စကား လျှောက်ထားသည်။ 

ဆက်လက်ပြီး တနင်္သာရီတိုင်း ဒေသကြီး သံဃ မဟာနာယက အဖွဲ့ ဥက္ကဋ္ဌ ကန်သာပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ကောဏ္ဍညက ဘာသာကူးပြောင်းလာကြသူများအား ဆုံးမ သြ၀ါဒ ပေးတော်မူပြီးနောက် ဘာသာကူးပြောင်းလာကြ သူများအတွက် ဆင်းတုတော်များ ပေးအပ်လှူဒါန်းခဲ့ကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ရုပ်သိမ်းသည်။ 

အစ္စလာဘာသာမှ ဗုဒ္ဓဘာသာကို ကိုးကွယ်ရာ ဘာသာ ကူးပြောင်းသူများမှာ အိမ်ထောင်စု (၉)စုမှ အမျိုးသား (၁၈)ဦး၊ အမျိုးသမီး (၂၅)ဦး စုစုပေါင်း (၄၃)ဦး ဖြစ်ကြောင်း သတင်းရရှိသည်။


0 comments: