Saturday, August 9, 2014

ဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေး ၀ါကျွတ်(အိဒ်) ပွဲတော် မိတ်ဆုံ စားပွဲ မြိတ်မြို့၌ ကျင်းပ၊ တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဦးမြတ်ကို တက်ရောက် အမှာစကား ပြောကြား

ဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေး ၀ါကျွတ်(အီဒ်) ပွဲတော် အထိမ်းအမှတ် မိတ်ဆုံစားပွဲ ကို သြဂုတ်လ (၈)ရက် ည(၆း၃၀) နာရီက မြိတ်မြို့ မြစည်းစိမ် မင်္ဂလာခန်းမတွင် ကျင်းပရာ တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ ၀န်ကြီးချုပ် ဦးမြတ်ကို တက်ရောက်ချီးမြှင့်ပြီး အမှာစကား ပြောကြား သည်။




ဝန်ကြီးချုပ်မှ  အမှာစကား ပြောကြားရာတွင် မြိတ်မြို့နယ် အတွင်း ဘာသာပေါင်းစုံ တို့သည် တစ်ဦးနှင့် တစ်ဦး တစ်ဖွဲ့နှင့် တစ်ဖွဲ့ ကူးလူး ဆက်ဆံ နေထိုင်လျက်ရှိကြောင်း ၊ တစ်ဦးနှင့် တစ်ဦး မိတ်ဆွေများ ဖြစ်ကြကြောင်း၊ တစ်မြေ တည်းနေ၊ တစ်ရေ တည်းသောက် လူအဖွဲ့အစည်း အသိုင်း အ၀ိုင်း တစ်ခုတည်း နေထိုင် ကြကြောင်း၊ ဒီမှာမှာမွေး၊ ဒီမြေမှာ ကြီး၊ ဒီမြေမှာ ပညာသင်ပြီး ၊ ဒီမြေမှာပင် အသက်မွေး ၀မ်းကျောင်းပြုပြီး ဒီမြေမှာပင် သေဆုံးကြမည့် သူများ ဖြစ်ကြောင်း ၊ ထို့အတွက်ကြောင့် အယူအဆ ကိုးကွယ်ရာ မတူသော်လည်း ကွဲပြားစရာ မရှိကြောင်း၊ အတူတစ်ကွ ပူးပေါင်းပြီး နေထိုင် သွားရမည် ဖြစ်ကြောင်း ၊ ယခုလို ၀ါကျွတ် (အီဒ်)ပွဲတော် လုပ်သလိုပဲ ကျန်သည့် ဘာသာများကလည်း ကိုယ့်ဘာသာရဲ့ အထိမ်းအမှတ် အခမ်းအနား တွေမှာ ဘာသာပေါင်းစုံကို ဖိတ်ကြားပြီး ရင်းရင်းနှီးနှီး ယခုလို အခမ်းအနားတွေ လုပ်ဆောင်သွားမယ်လို့ ကြားသိရတဲ့အတွက် အလွန်ဝမ်းမြောက် ၀မ်းသာဖြစ်မိ  ပါကြောင်း၊ မြိတ်ဒေသမှာ တစ်ဦးနှင့် တစ်ဦး ချစ်ချစ် ခင်ခင် ရင်းရင်းနှီးနှီးနှင့် စည်းစည်းလုံးလုံး နေကြရင် ဒေသ ဖွံ့ဖြိုး တိုးတက်လာပြီး ငြိမ်းချမ်းစွာ သွားလာ နေထိုင်လာနိုင်မည့် အကျိုးကျေးဇူးတွေ ခံစား ရမှာဖြစ်တဲ့အတွက် အစဉ်အလာကောင်း များကို ထိန်းသိမ်း ပေးကြစေလိုကြောင်း၊ အလေ့အကျင့်ကောင်းတွေနဲ့ ယခုလိုပွဲမျိုးကို ဆောင် ရွက်ပေးကြစေ လိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မြိတ်ခရိုင် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေးအဖွဲ့ ဥက္ကဌ ဦးစံရည်က မြိတ်ခရိုင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေး အဖွဲ့ ဖွဲ့စည်းဆောင် ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒုတိယဥက္ကဌ များဖြစ်သော ဦးစောဗထူးလွင်နှင့် ဦးအေးလွင်တို့က ဘာသာပေါင်းစုံ် ညီညွှတ်ရေး မေတ္တာစကားများ ပြောကြားခဲ့ကြသည်။

ဆက်လက်ပြီး  မြိတ်ခရိုင် ဘာသာ ပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေး အဖွဲ့ဝင် စေတနာရှင် အလှူရှင်များ က ဘာသာပေါင်းစုံမှ မြိတ်မြို့ပေါ်ရှိ  နာရေးကူညီမှုအသင်းများ၊ ပရဟိတအသင်းများ၊ သံဃာ့ဆေးရုံနှင့် ဘိုးဘွားရိပ်သာ လူမှုရေး အသင်းအဖွဲ့များ၊ တို့အတွက် အလှူငွေစုစုပေါင်း (၂၆၅၀၀၀၀)ကျပ် ပေးအပ် လှူဒါန်းခဲ့ ကြသည်။

ပြီးနောက်  မြိတ်ခရိုင် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေး အဖွဲ့ အတွင်းရေးမှူး ဦးမောင်ထွေးဝေ က ကျေးဇူးတင် စကားပြောကြားပြီး တက်ရောက်  လာကြသော တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြိတ်ခရိုင် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေး အဖွဲ့ဝင်များ၊ ဘာသာပေါင်းစုံမှ ဘာသာရေး အသင်း ဂေါပက အဖွဲ့ဝင်များ၊ ပရဟိတ အသင်းများ၊ နာရေးကူညီမှုအသင်း များ၊ ဖိတ်ကြားထားသူများသည် ပျော်ရွှင်စွာဖြင့် မိတ်ဆုံညစာကို သုံးဆောင် ခဲ့ကြကြောင်း သတင်း ရရှိသည်။



0 comments: