Friday, August 8, 2014

မြိတ်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာ သတင်းများ

ပလောက်မြို့နယ်ခွဲ၌ အခြေခံပညာအလယ်တန်းကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်

ပလောက် သြဂုတ် ၈ ရက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့နယ်ခွဲ၊ ကျောက်တောင်ကျေးရွာတွင် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မှ အခြေခံပညာအလယ်တန်းကျောင်းအဖြင့် အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းအခမ်းအနား ကို သြဂုတ်လ(၇)ရက် နံနက်(၁၁)နာရီက အဆိုပါကျောင်း၌ ကျင်းပရာ ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ကျော်ဦး၊ တနင်္သာရီတိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးထွန်းရီနှင့် ပုလောမြို့နယ်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှစိုးတို့က အခြေခံပညာအလယ်တန်းအဆင့် တိုးမြှင့်ခြင်းအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။

ထိုနောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးမှ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်သည် အရေးကြီး ကြောင်း၊ ကျောင်းသားလူငယ်များအား ပညာရည်ပြည့်ဝအောင် သင်ကြားပြသမွေးထုတ်ပေးနိုင်ရန် ဆရာဆရာမများနှင့်
ကျေးရွာနေ မိဘပြည်သူများပူးပေါင်း ဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးက အခြေခံပညာအလယ်တန်းအဆင့် တိုးမြှင့်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား၍ မူလတန်းနှင့်အလယ်တန်းအဆင့်ကို အခမဲ့သတ်မှတ်၍ ကျောင်းနေအရွယ်ကလေးတိုင်း
ကျောင်းနေနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ သားသမီးများ၏ ပညာရည်တိုးတက် ရေး မိဘဆရာလက်တွဲဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားသည်။

ထိုနောက် တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ပညာရေးညွှန်ကြားရေးမှူးနှင့် မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းတို့က ကျောင်းသားကျောင်းသူများအား ဗလာ စာအုပ်များ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။


မြိတ်မြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို One Stop Service စနစ်ဖြင့် ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်

( မြိတ် သြဂုတ် ၈ ရက် )

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အလယ်ချောင်းကျေးရွာအုပ်စု အလယ်ချောင်းကျေး ရွာ တွင် မိုးပွင့်အဆင့်(၆)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြိတ်မြို့ နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူး ဦးနေလင်း၊ ၀န်ထမ်းများနှင့် NRC အဖွဲ့တို့ ပူးပေါင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို One Stop Service စနစ်ဖြင့် ကျေးရွာများတွင် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို One Stop Service စနစ်ဖြင့် ကျေးရွာများတွင် ကွင်း ဆင်းဆောင်ရွက်ပေးနေမှုအား မြိတ်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်နှင့် ဦးတင်ရှန် တို့က ကြည့်ရှုအားပေးခဲ့ကြပြီး အိမ်ထောင်စုစာရင်များနှင့်
ဆောင်ရွက်ပြီးစီးခဲ့သော နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကျေးရွာ
ပြည်သူများအား ပေးအပ်ခဲ့ကြသည်။

အလားတူ မိုးပွင့်အဆင့်(၆)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ် ပြားများကို မြိတ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူး ဦးနေလင်း၊ ၀န်ထမ်း များနှင့် NRC အဖွဲ့တို့ ပူးပေါင်း၍ မင်းပြင်ကျေးရွာ၊ ပနိုကျေးရွာ၊ ဒေါကျေးရွာ များသို့ ကွင်းဆင်း၍ ကျေးရွာများတွင်နေထိုင်သော တိုင်းရင်းသားပြည်သူများအား ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

မြိတ်တက္ကသိုလ်တွင် ပြည်ပလေ့လာရေးနှင့် သုတေသနခရီးစဉ် အတွေ့အကြုံ ရှင်းလင်းပွဲ ကျင်းပ

( မြိတ် သြဂုတ် ၈ ရက် )

ပညာရေးဝန်ကြီးဌာန အမျိုးသားပညာရည် ဖွံ့ဖြိုးတိုးတက်မှု နှစ်ရှည်စီမံကိန်း (အဆင့်မြင့်ပညာ ကဏ္ဍ)ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် အဆင့်မြင့်ပညာဆိုင်ရာ လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၃-၂၀၁၄ပညာသင်နှစ် ဒုတိယပညာသင်နှစ်တစ်ဝက်ကာလအတွင်း ဗလငါးတန် ဖွံ့ဖြိုးရေးအတွက် စာပေကဏ္ဍကအနေဖြင့် မြိတ်တက္ကသိုလ်ကျောင်းသား/သူများ ဗဟုသုတများတိုးပွား
စေရေးအတွက် ပြည်ပလေ့လာရေးနှင့် သုတေသနခရီးစဉ် အတွေ့အကြုံ ရှင်းလင်းပွဲကို သြဂုတ်လ(၇)ရက် နံနက်(၉း၃၀)နာရီက မြိတ်တက္ကသိုလ်တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြိတ်တက္ကသိုလ်တာဝန်ခံပါမောက္ခချုပ် ဒေါက်တာစီစီလှဘူးက အမှာစကားပြောကြား သည်။ ယင်းနောက် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပခဲ့သော Japan-ASEAN. Oceanian Sdudents & Youth Exchange ခရီးစဉ်နှင့်ပတ်သက်သည့် အတွေ့အကြုံများကို မြိတ်တက္ကသိုလ် အဏ္ဏ၀ါသိပ္ပံ ဒုတိယ နှစ် မဟာသိပ္ပံကျောင်းသား မောင်ပြည့်စုံအောင်အောင် မှ ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ မြိတ်တက္ကသိုလ် အဏ္ဏ၀ါသိပ္ပံဌာနမှ ကထိက ဒေါက်တာညိုညိုထွန်းမှ
နော်ဝေး သုတေသနသင်္ဘော ( R/V Dr. Fridtjof Nansen) ခရီးစဉ်နှင့်ပတ်သက်သည့် အတွေအကြုံများကို လည်းကောင်း၊ အဏ္ဏ၀ါသိပ္ပံဌာနမှ လက်ထောက်ကထိက ဒေါက်တာ ဇင်လင်းခိုင်မှ သုတေသနခရီးစဉ် အတွင်း သုတေသနဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ ကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြ ခဲ့ကြသည်။ ထိုနောက် တက်ရောက်လာကြ သူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ခရီးစဉ်သွားရောက်ခဲ့ကြသူများက
ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

မြိတ်မြို့ အမျိုးသမီးသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အဆင်ြ့မင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၃၇)နှင့် အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ်(၆၆)ဆင်းပွဲ ကျင်းပ

( မြိတ် သြဂုတ် ၈ ရက် )

နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ ဘ၀လုံခြုံရေး၊ စီးပွားရေးအထောက်အကူပြု အတတ်ပညာ များ တတ်မြောက်စေရေး၊ တတ်မြောက်ထားတဲ့ပညာရပ်များဖြင့် အသက်မွေး ၀မ်းကြောင်းပြုပြီး မိသားစု ဘ၀ တိုးတက်မြင့်မားစေရေး၊ တိုင်းတစ်ပါးကိုအထင်မကြီးဘဲ ကိုယ့်ကိုယ်ကို ထိန်းသိမ်းတတ်ပြီး လမ်းမှားမရောက် စေရေး၊ မိမိတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ နယ်စပ် ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ အဆင်ြ့မင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၃၇)နှင့် အခြေခံအိမ်တွင်းမှု သင်တန်း (၆၆)ဆင်းပွဲ ကို သြဂုတ်လ(၈)ရက် နံနက်(၉)နာရီတွင် ကျင်းပသည်။

ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လွင်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် သင်တန်းသူများအနေဖြင့် မိမိတို့သင်ကြားတတ် မြောက်ခဲ့တဲ့ပညာရပ်များကို ဆက်လက်လေ့လာအသုံးချပြီး အောင်မြင်တဲ့ ဖက်ရှင်ဒီဇိုင်းပညာရှင်များ ဖြစ်သည် အထိ ရည်မှန်းချက်ထားကြိုးစားဆောင်ရွက်ကြစေ လိုကြောင်း၊ သင်တန်းမှသင်ကြားပေးတဲ့လက်မှုနှင့် စက်ချုပ် ပညာရပ်များအပြင် ဆွေးနွေး သင်ကြားပေးပါသော ပြည်ထောင်စုစိတ်ဓာတ်ဘာသာရပ်၊ အဆင့်မြင့်ယဉ်ကျေးမှု ဘာသာရပ် များကို အလေးထားမှတ်သားလိုက်နာပြီး အကျင့်စာရိတ္တမြှင့်မား၍ အမျိုးဂုဏ်ဇာတိဂုဏ် ထိန်းသိမ်း စောင့်ရှောက်နိုင်တဲ့ အမျိုးသမီးကလေးများဖြစ်အောင် ပြုမှုနေထိုင်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် သင်တန်းကျောင်း ဒုတိယကျောင်းအုပ် ဒေါ်မီမီဇင်ကသင်တန်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြပြီး သင်တန်းတွင် ထူးခွန်ဆုရရှိသော အဆင့်မြှင့်သင်တန်းမှ မမိုးမိုးချိုနှင့် အခြေခံသင်တန်းမှ မသဇင်စိုး တို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီးမှ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ သင်တန်းဆင်းလက်မှတ်များကို သင်တန်းကျောင်း ဒုတိယကျောင်းအုပ်မှ ပေးအပ်ချီးမြှင့်ခဲ့ကာ သင်တန်းသူ တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြော ကြားခဲ့ပြီး အခမ်းအနား ရုပ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများက သင်တန်းသူများ၏ သင်တန်းဆင်း လက်ရာ များကို ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါသင်တန်းကို သင်တန်းသူ(၆၇)ဦး တက်ရောက်အောင်မြင် ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တ (၁၄) ပတ်ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။ မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသည်ယခင်အစိုးရလက်ထက်တွင်
သင်တန်း(၈၁)ကြိမ်ဖွင့်လှစ်နိုင် ခဲ့ပြီး သင်တန်းသူ(၂၁၆၀)ဦး၊ ယခုအစိုးရ လက်ထက်တွင် သင်တန်း(၂၅)ကြိမ်ဖွင့် လှစ်နိုင်ခဲ့ပြီး သင်တန်းသူ (၇၇၄)ဦး၊ စုစုပေါင်းသင်တန်းသူ(၂၉၀၄)ဦးကို သင်တန်းဆင်းပြီးဖြစ်၍ သင်တန်းဆင်းပြီး သင်တန်းသူများ အထဲ မှ သင်တန်းသူ(၁၆၃၂)ဦးမှာ ကိုယ်ပိုင်စီးပွား ရေးလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ကျွန်းစုမြို့၌ လက်လုပ်ယမ်းထောင်းသေနတ်(၁)လက်နှင့် ခိုးယူထားသော ခဲမဖြူသတ္တုကြမ်းများ ဖမ်းဆီးရမိ

ကျွန်းစု သြဂုတ် ၇ ရက်

ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ ယမုံကျေးရွာရှိ ရွှေပင်လယ်သတ္တုတူးဖော်ရေးနှင့် စက်မှုလက်မှု လုပ်ငန်းကုမ္ပဏီ၌ ခဲမဖြူသတ္တုအကြမ်းပျောက်ဆုံးမှုနှင့် ပတ်သက်၍ တိုင်တန်းရာမှ မသင်္ကာသူအား ရှာဖွေရာ လက်လုပ် ယမ်းထောင်းသေနတ်(၁)လက်နှင့် ခဲမဖြူသတ္တုကြမ်းများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ ယမုံကျေးရွာရှိ ရွှေပင်လယ်သတ္တု တူးဖော်ရေးနှင့် စက်မှုလက်မှုလုပ်ငန်းကုမ္ပဏီမှ မန်နေဂျာဖြစ်သူ ဦးသန်းထိုက်သည်
သြဂုတ်လ(၁)ရက် ည(၈း၄၀)အချိန်တွင် ကုမ္ပဏီလုပ်ကွက်အမှတ်(၁၅)၌ ခဲမဖြူသတ္တုကြမ်း (၁၅၀)ကီလို၊ ကာလတန်ဖိုး ကျပ်(၈)သိန်းခန့် ပျောက်ဆုံး မှုနှင့်ပတ်သက်၍ ကျွန်းစုမြို့နယ် သဇင်နယ်မြေရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့ရာ နယ်မြေရဲစခန်း တာဝန်ခံများမှ သြဂုတ်လ(၄)ရက် မွန်းလွဲ(၂း၃၀)နာရီတွင် ကျွန်းစုမြို့နယ် ယမုံကျေးရွာနေ သန်းဦးအား ၄င်း၏ ဥယျဉ်အတွင်း စုံစမ်းရှာဖွေရာ ဥယျဉ်အရှေ့ကိုင်းတောထဲမှ အရှည်(၄)ပေ (၈)လက်မခန့်ရှိ လက်လုပ် ယမ်းထောင်း သေနတ်(၁)လက်နှင့် ဥယျဉ်အနောက်ဘက် တောချုံထဲမှ ၄င်းခိုးယူထားသော ခဲမဖြူကြမ်းများ အား သိမ်းဆည်းရမိသဖြင့် တရားခံသန်းဦးအား သဇင်နယ်မြေရဲစခန်းမှူး ရဲအုပ်ခင်မောင်ဦးနှင့် တာဝန်ရှိသူများ က ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြိတ် ပြန်ဆက်

0 comments: