Tuesday, March 24, 2015

ကျွမ်းကျင်မှု မြှင့်တင်ရေး သင်တန်း ဖွင့်လှစ်မည်

ကျွမ်းကျင်မှု မြှင့်တင်ရေး သင်တန်း ဖွင့်လှစ်မည်

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ ကန်ဖျားရပ်ကွက် ကြံတောလမ်းရှိ J & J ဟိုတယ်ခန်းမ၌ စွန့်ဦးတီထွင် လုပ်ငန်းရှင် အခြေခံ စီးပွားရေး ကျွမ်းကျင်မှု မြှင့်တင်ရေး သင်တန်းကို ဧပြီ ၆ ရက်မှ ၈ ရက်အထိ သုံးရက်ကြာ ဖွင့်လှစ်မည် ဖြစ်ကြောင်း မြိတ်မြို့နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန  အသေးစားနှင့် အလတ်စားလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး ဌာနမှ   သိရသည်။

အဆိုပါ သင်တန်းကို စက်မှုဝန်ကြီးဌာန တနင်္သာရီတိုင်း ဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဌာနနှင့် ဂျာမနီနိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး   အေဂျင်စီတို့ ပူးပေါင်း၍   ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များအား စီးပွားရေး ကျွမ်းကျင်မှုများ မြှင့်တင်ရန်နှင့် စီးပွားရေး ဆုံးဖြတ်ချက်များ လွယ်ကူ ထိရောက်စွာ ချမှတ်နိုင်ရန် အတွက် စီးပွားရေး စွမ်းဆောင်နိုင်မှုများ ဖော်ထုတ်ခြင်း၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အကြံဉာဏ်များ ဖော်ထုတ်ခြင်းနှင့် စိစစ် ရွေးချယ်ခြင်း၊ စီးပွားရေး စီမံကိန်း ပြင်ဆင်ခြင်း စသည့်အချက်အလက်များ ပါဝင်သော ဘာသာရပ်များကို အဓိကထား သင်ကြားပေးမည် ဖြစ်ကြောင်း မြိတ်မြို့နယ် စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဌာန ကြီးကြပ်ရေးမှူးက ပြောသည်။

ယင်းသင်တန်းတွင် သင်တန်းသား ဦးရေ၂ဝ ဦးခန့်သာ ကန့်သတ်ထားသောကြောင့် သင်တန်း တက်ရောက် လိုသူများ အနေဖြင့် မြိတ်မြို့  ကန်ဖျားရပ်ကွက် ကန်ဖျားလမ်း ပိတောက်ပင် လမ်းဆုံရှိ မြိတ်မြို့နယ် စက်မှုကြီးကြပ်ရေးနှင့်  စစ်ဆေးရေး ဦးစီးဌာန အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဌာနသို့   စာရင်း ပေးသွင်း နိုင်ကြောင်း သတင်း ရရှိသည်။
(မြ၀တီ)

0 comments: