Tuesday, January 14, 2014

ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏ ခရီးစဉ်၌ လိုက်ပါလာသော ယာဉ်တစ်စီး မေတ္တာ-ထီးခီး လမ်းပိုင်းတွင် ချောက်ထဲကျခဲ့ပြီး တိုင်းငါးလုပ်ငန်း ဒု-ဦးစီးမှူး သေဆုံး

တနသာင်္ရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် အတွင်းရှိ နယ်စပ်ဂိတ် တစ်ခုဖြစ်သော ထီးခီးစခန်းနှင့် မေတ္တာမြို့နယ်ခွဲသို့ ဆက်သွယ်ထားသည့် လမ်းပိုင်ပေါ်တွင် ဇန်န၀ါရီ ၁၂ ရက် ညနေ နာရီခန့်က ယာဉ်တစ်စီး ချောက်ထဲကျပြီး လူတစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

 


ဖြစ်ပွားပုံမှာ ထီးခီးစခန်းမှ မေတ္တာမြို့နယ်ခွဲ ထွက်ခွာလာသော ယာဉ်မောင်း ကိုမျိုးကိုချစ် မောင်းနှင်လာသည့် ယာဉ်အမှတ် ၂ဂ/၄၀၆၇ ဆပ်ဖ် အနက်ရောင်ပေါ်တွင် လူလေးဦး လိုက်ပါလာပြီး ၎င်းလမ်းပိုင်းရှိ ဆင်ဖြူတိုင် ကျေးရွာအနီး ၉၇ ကီလိုမီတာ ရင်ခွဲတောင်ကုန်းဆင်း အရောက်တွင် ရှေ့ကားမှ မောင်းနှင်သွားစဉ် ဖုန်ထ၍ လမ်းပျောက်ကာ ပေ ၅၀၀ ခန့်ရှိသည့် လမ်းနံဘေးမှ ချောက်ထဲသို့ ထိုးကျတိမ်းမှောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ချောက်ထဲကျသွားသည့် ယာဉ်ပေါ်ပါ လေးဦးအနက် ဦးမျိုးငြိမ်း ၄၆ နှစ် (တိုင်းဒေသကြီး ငါးလုပ်ငန်း ဒုဦးစီးမှူး) မှာ ဦးခေါင်းကြေမွ၊ မေးစေ့အောက် သုံးလက်မခန့် ပြတ်ရှဒဏ်ရာနှင့် သွားကျိုးသည့် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးခဲ့ပြီး ယာဉ်မောင်း မျိုးကိုချစ်၊ ဦးထွန်းဝင်းမြင့် (တိုင်းငါးလုပ်ငန်း ဦးစီးမှူး) နှင့် ဦးစိုးမြင့်သိန်း (ခရိုင်ငါးလုပ်ငန်း ဦးစီးမှူး) တို့မှာ ဒဏ်ရာအသီးသီး (မစိုးရိမ်ရ) ရရှိကာ ထားဝယ်ပြည်သူ့ ဆေးရုံကြီး၌ တက်ရောက်ကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

တိမ်းမှောက်မှု ဖြစ်ပွားခဲ့သောယာဉ်မှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နှင့် တိုင်းဒေသကြီး ၀န်ကြီးများ၊ တာဝန်ရှိသူများ၏ ထီးခီးနယ်စပ်၌ ယင်းနေ့က ကျင်းပသော အစိုးရ၊ KNU နှင့် ထိုင်းလုပ်ငန်းရှင်များ တွေ့ဆုံသည့် ခရီးစဉ်ယာဉ်တန်းတွင် လိုက်ပါလာသည့် ယာဉ်ဖြစ်ကြောင်း သိရသည်။ ထီးခီး-မေတ္တာ လမ်းပိုင်းကို ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းမှ ITD ကုမ္ပဏီက ဖောက်လုပ်ထားခြင်းဖြစ်ပြီး စီမံကိန်း ရပ်ဆိုင်းပြီးနောက် ၎င်းလမ်းပိုင်းကို ပြုပြင်မှု မရှိသောကြောင့် လမ်းသားအချို့ ပျက်စီးနေပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ပေါ့ဆစွာ မောင်းနှင်သော ယာဉ်မောင်းဖြစ်သူ မျိုးကိုချစ်အား မေတ္တာနယ်မြေ ရဲစခန်းက ယာဉ်() /၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/ ၃၃၇/၃၃၈ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။



ဖြိုးဇင်(ထားဝယ်) Eleven Media Group

0 comments: