Saturday, January 4, 2014
၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ 
၁၉၄၈ ဇန်န၀ါရီလ (၄) ရက် ၊ မနက်(၄)နာရီ၊မိနှစ် (၂၀) မှာရခဲ့တဲ့ လွတ်လပ်ရေးနေ့ဟာ ၂၀၁၄ ဇန်န၀ါရီလ (၄)ရက်မှာ (၆၆)နှစ် ပြည့်ခဲ့ပါပြီ။ နယ်ချဲ့ အုပ်ချုပ်မူ အောက်မှ လွတ်မြောက်လာခဲ့သော၊ အချုပ်အခြာ အာဏာပိုင် လွတ်လပ်သော နိုင်ငံ အဖြစ်သို့ ရောက်သည်နေ့ ကို လွတ်လပ်ရေး နေ့ ဟူ အထွတ် အမြတ် သတ်မှတ်ထားခဲ့ ကြသည်။
`` သက္ကရာဇ် တစ်ထောင့်သုံးရာ ကိုးခုနှစ်၊ ပြာသို လဆုတ်(၉)ရက် ၊ တနင်္ဂနွေ နေ့ အား ဤငါတို့   မြန်မာပြည် လုံးဝ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စု    နိုင်ငံတော်ကြီး အဖြစ် ကောင်းစွာ ရောက်သတည်း။ ´´  
မြိတ်မြို့ တွင်လည်း အဆိုပါ လွတ်လပ်ရေး ကျောက်စာတိုင်ကို ယခင် ဘုရင်မပန်းခြံ အရှေ့ ၊ ယခု အာဇာနည် ပန်းခြံ အရှေ့ ဆိပ်ငယ်ရပ်၌ ၁၃၁၀ ခုနှစ် နတ်တော် လဆန်း (၁၂) ရက်နေ့ တနင်္ဂနွေနေ့ (၁၂-၁၂-၁၉၄၈) ခုနှစ်တွင် စတင် တည်ဆောက် ခဲ့သည်။ ထိုနေ့က မြိတ်မြို့ မန္တလေး ကျောင်းမှ ဘုန်းတော်ကြီး သုံးပါးကို ပင့်၍ ပရိတ်တရားတော်ကို ဦးစွာ နာကြားကြသည်။ ထိုနောက် နတ်ပွဲ လေးပွဲနှင့် မြို့စောင့်နတ်၊ ရွာစောင့်နတ် ၊ သာသနာ စောင့်နတ်၊ အာကသစိုးနတ်း၊ ဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ်မှစ၍ နတ်ဒေ၀ါ အပေါင်းတို့ကို ပူဇော်သည်။ (၁၄-၁၂-၁၉၄၈) နံနက် (၄) နာရီ (၂၀) မိနစ် အချိန်တွင် ဦးရူ၊ ကြငှန်း၊ ဆောက်လယ်၊ ရဝေ၊ သပြေ၊ ကုတ်ဟီး မည်သော တိုင်ကြီး ခြောက်လုံး၌   ရွှေအုပ်   ခြောက်ချပ်၊  ငွေအုပ် ခြောက်ချပ်စီဖြင့် လွတ်လပ်ရေး ကျောက်စာတိုက်ကို အုတ်မြစ်ချခဲ့သည်။ ဦးရူတိုင်၌ အရေးပိုင်မင်း ဦးနန်းညွန့်က ရွှေသံလက် တစ်ချောင်းနှင့် ရွှေအုပ်တစ်ချပ်၊ သူဌေး လင်ဦးကိုင်က ငွေသံလက် တစ်ချောင်းနှင့် ငွေအုပ် တစ်ချပ်၊ ကြငှာန်းတိုင်၌  ဆရာဝန်ကြီး ဦးတိုးမောင်က ရွှေသံလက် တစ်ချောင်းနှင့် ရွှေုအုပ် တစ်ချပ်၊ ၀န်ထောက်ကြီး ဦးထွန်းစိန်က ငွေသံလက် တစ်ချောင်းနှင့် ငွေအုပ် တစ်ချပ် စသည်ဖြင့် အုတ်မြစ်ချပြီး ကျန်တိုင်များ ဖြစ်ကြသည့် ဆောင်လယ်၊ ရဝေ ၊ သပြေ ၊ ကုတ်ဟီး စသည့် တိုင်ကြီး များတွင်လည်း ဂုဏ်သရေရှိ ပုဂ္ဂိုလ် များက   ရွှေအုပ်ချပ်၊   ငွေအုပ်ချပ် များဖြင့် အသီးသီး အုတ်မြစ်ချကြသည်။ မြိတ်မြို့ လွတ်လပ်ရေး ကျောက်တိုင် ဖွင့်ပွဲ အခမ်းအနားကို ၁၉၄၉ ခုနှစ် ၊ ဇန်န၀ါရီလ (၄) ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။
ဤ နေ့ ကို မမေ့လျော့ ကြစေရန် နိုးဆော်သည် အနေဖြင့် လွတ်လပ်ရေးနေ့  အထိမ်းအမှတ်ပွဲများ ဆင်ယင် ကျင်းပကြ၏။ အထိမ်အမှတ်ပွဲ များတွင် လွပ်လပ်ရေး ကျောက်တိုင်တွင် စုဝေးကြ ၍ ပြည်ထောင်စု တည်မြဲရေး တိုးတက်ရေး ကို မမေ့ မလျော ဆောင်ရွက်ရန် အဓိဋ္ဌာန်များ ပြုလုပ်လေ့ ရှိကြသည်။ ပျော်ပွဲရွှင်ပွဲ နှင့် ပြပွဲ ပြိုင်ပွဲ များ ကို လည်း ကျင်းပကြသည်။
( မောင်ပြေချမ်း(မြိတ်)၏ ဓာတ်ပုံက ပြောသော မြိတ်သမိုင်းမှတ်တိုင်များ စာအုပ်မှ ကိုးကား ပါသည်။ )
0 comments: