Monday, January 13, 2014

မြိတ်မြို့ လော့လော့ ကျေးရွာ၌ တည်ဆောက်မည့် ကျောက်မီးသွေး စက်ရုံ စီမံကိန်းအား ကန့်ကွက် ဆန္ဒဖော်ထုတ်


သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး (ဒို့အရေး)၊ ပြည်သူ့ ဆန္ဒ ပါဝင်မှု မရှိသော စီမံကိန်းများ အားလုံး ရပ်တန့်ရေး (ဒို့အရေး) ၊ လော့လော ကျောက်မီးသွေး စက်ရုံ ဖျက်သိမ်းရေး၊ (ဒို့အရေး)၊ေ လာ့လော့ ကျောက်မီးသွေး စက်ရုံ (အလိုမရှိ ) ၊ သဘာဝ ဓာတ်ငွေံ စက်ရုံ ရရှိရေး (ဒို့အရေး) ၊ ပြည်သူ့ သဘောမတူသော စီမံကိန်း (မလိုမရှိ ) ဟူသော ကြွေးကြော်သံများ ကြွေးကြော်လျက် ၄င်း ကြွေးကြော်သံ စာတန်းပါ ပိုစတာ ဆိုင်းပုတ်များ ကိုင်ဆောင်ကာ မြိတ်မြို့ ကျောက်ဖျာကျေးရွာအုပ်စု လော့လော့ကျေးရွာ ၌ တည်ဆောက်မည့် (၅၀) မီဂါဝပ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်ပေး စက်ရုံ ဖျက်သိမ်းရေး အတွက် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်း လှည့်လည် ဆန္ဒ ဖော်ထုတ်ခြင်းအား အင်အား (၁၅၀) ဦးခန့်ဖြင့် (၁၂-၁-၂၀၁၄) ရက်နေ့ နေ့လည် (၁)နာရီ အချိန်မှ ညနေ (၃) နာရီ ခန့် အချိန်ထိ မြိတ်မြို့ သမုတ်ကျေးရွာ ၌ ပြုလုပ်ခဲ့သည်။ 



ကန့်ကွက် ဆန္ဒ ဖော။.်ထုတ်သူများသည် ပထမဦးစွာ သမုတ်ကျေးရွာ အုပ်စု လွန်းစိမ်းရပ်၌ စုဝေးပြီးနောက် သမုတ်ကျေးရွာ အုပ်စု ဘောလုံးကွင်းသို့ ကြွေးကြော်သံများဖြင့် ကြွေးကြော် ချီတက်ကာ သမုတ်ကျေးရွာ ဘောလုံးကွင်း၌စုဝေးပြီး လော့လော့ ကျေးရွာ့၌ ဆောက်လုပ်မည့် ကျောက်မီးသွေး စက်ရုံ ကန့်ကွက်ရေးနှင့် ပတ်သက်ပြီး ပဂျီရှောင်ကျေးရွာနေ ဦးဝင်းမောင်၊ ဦးစိုးချစ်၊ ဦးထိန်လင်းငယ် တို့မှ တစ်ဦးလျှင် (၇) မိနစ်ခန့် ဟောပြောခဲ့သည်။

အလားတူ ဆန္ဒဖော်ထုတ်ခြင်းကို ပြီးခဲ့သည့်နှစ်က မြိတ်ခရိုင် (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဦးဆောင်၍ (၄-၁၁-၂၀၁၂) ရက်နေ့ နံနက် (၀၈၀၀) နာရီအချိန်တွင် မြိတ်မြို့ နောက်လယ်ရပ်ကွက် အမှတ်(၁) ဘောတံတားရှိ မြေကွက်လပ်တွင် စတင် စုဝေးပြီး ကမ်းနားလမ်း တစ်လျှောက် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ကာ ဆိပ်ငယ်ရပ်ကွက် ပုလဲရတနာ ခန်းမတွင် စုဝေးခဲ့သည်။ ထို ဆန္ဒဖော်ထုတ်ပွဲတွင် ဦးလှမော်က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး (၃၀) မိနစ် ကြာခန့် ဟောပြောခဲ့သည်။ ပြီးနောက် ဦးမိုးသူအောင်က ကျောက်မီးသွေးဓာတ်အားပေး စက်ရုံ တည်ဆောက်မှု ကန့်ကွက်ရေးနှင့် ပတ်သက်ပြီး (၁၀) မိနစ်ခန့် ဟောပြောကာ မြိတ်ခရိုင် လူထု၏ ဆန္ဒ သဘောထား ကြေညာချက် ၊ တနင်္သာရီတို င်း ဒေသကြီး ၀န်ကြီးချုပ် ထံသို့ အိတ်ဖွင့်ပေးစာ၊ ၈၈ မျိုးဆက်ကျောင်းသားများ၏ ငါးအမှုန့်ကြိတ် စက်ရုံကြီးများအပေါ် တောင်းဆိုချက်၊ မြိတ်မြို့နယ် လူငယ်ဆရာဝန်များ

ကွန်ယက် သဘောထား ကြေညာချက်များကို ဖြန့်ဝေခဲ့ ဖူးသည်။

ထိုသို့ မြိတ်မြို့ လော့လော့ ကျေးရွာတွင် တည်ဆောက်မည့် ကျောက်မီးသွေး စက်ရုံကို ကန့်ကွက် ဆန္ဒ ဖော်ထုတ်ခြင်းများ ရှိသလို ထောက်ခံသည့် အဖွဲ့များကလည်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၁၀) ရက်နေ့ နံနက် (၈) နာရီအချိန်တွင် အင်အား တစ်ထောင်ခန့်ဖြင့် ပုလဲရတနာ ခန်းမကာ စတင်ကာ ကမ်းနားလမ်း တစ်လျှောက် ကန်ကြီးလမ်းဆုံ (တြိဂုံအ၀ိုင်း) အထိ ချီတက်ပြီး ငြိမ်းချမ်းစွာ စုဝေး လှည့်လည် ချီတက် ဆန္ဒ ဖော်ထုတ်ကြသည်။ ၄င်း ဆန္ဒ ဖော်ထုတ်သူများသည် လျှပ်စစ်ဓာတ်အား ဈေးနှုန်း ကျဆင်းရေး၊ လျှပ်စစ် ဓာတ်အား အပြည့်အ၀ ရရှိရေး၊ မြိတ်ခရိုင် ဖွံ့ဖြိုး တိုးတက်ရေး ၊ အလုပ်ရုံ စက်ရုံများ ဖွံ့ဖြိုး တိုးတက်ရေး၊ အလုပ်ရုံ စက်ရုံများ ပေါ်ထွန်းလာရေး၊ ဆင်းရဲနွမ်းပါးမှု လျော့နည်း ပပျောက်ရေး၊ အလုပ်လက်မဲ့ ဦးရေ လျော့နည်း ပပျောက်ရေး၊ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ တည်ဆောက်မှု အောင်မြင်ရေး၊ စသည့် ကြွေးကြော်သံများ ဖြင့် ကမ်းနား လမ်းတစ်လျှောက် ချီတက် ဆန္ဒ ဖော်ထုတ်ခဲ့သည်။

မြိတ်မြို့တွင် ယခုလက်ရှိ ကိုယ့်အားကိုယ်ကိုး မီးလင်းရေး အဖွဲ့ (၁၀) ခု ကျော် ဒီဇယ်သုံး ဓာတ်အားပေး စက်ရုံ (၁၃) ရုံဖြင့် မြိတ်မြို့တွင် လျှပ်စစ် ဓာတ်အားပေးလျက် ရှိပြီး ဓာတ်အားခ တစ်ယူနစ်လျှင် ဒီဇယ် ပေါက်ဈေးအရ တစ်ယူနစ် ပျှမ်းမျှခြင်း (၄၆၀) ကျပ် ၀န်းကျင်ဖြင့် ကောက်ခံလျက် ရှိသည်။


0 comments: