Tuesday, January 21, 2014

မြိတ်မြို့ သံသရာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသား /သူ များအား နေ့လည်စာနှင့် အ၀တ် အထည်များ လှူဒါန်း


မြိတ်မြို့ သံသရာအေး ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေး မူလွန်ကျောင်း ကျောင်းအုပ်ဆရာတော်ကြီး မဟာသန္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ သုဇာတ၏  ဦးဆောင်မှုဖြင့် မိဘမဲ့ကလေးများနဲ့ ဆင်းရဲနွမ်းပါး၍ ပညာ မသင်ကြားနိုင်သူ များအား အခမဲ့ ပညာသင်ကြားပေးခြင်း ဆောင်ရွက်နေသည့် သံသရာ ဘုန်းတော်ကြီး သင် ပညာရေးကျောင်းတွင် တက်ရောက်နေသော ကျောင်းသား ကျောင်းသူများအား မြိတ်မြို့ မြိတ်တောင် ရပ်ကွက်နေ ဦးစိုးဦး၊ ဦးထွန်းအေးနှင့် ဦးသိန်းနိုင်တို့ မိတ်ဆွေ အပေါင်း အသင်း တစ်စုမှ  နေ့လည်စာ ကျွေးမွေးပြီး တန်ဖို(၂) သိန်း ရှိ အ၀တ်အထည်များ လှူဒါန်းခြင်းကို (၂၀-၁-၂၀၁၄) ရက်နေ့ တွင် ပြုလုပ်ခဲ့ကြောင်း  သိရှိရသည်။ 



မြိတ်မြို့ သံသရာအေး ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် မိဘမဲ့ ကလေးများနှင့် ဆင်းရဲနွမ်းပါး၍ ပညာသင်ကြားရန် အခက်အခဲ ရှိသူများကို ၂၀၀၃ ခုနှစ်မှစတင်၍ ပညာသင်ကြားပေးခဲ့ပြီး ၂၀၁၂-၂၀၁၃ ပညာရေးနှစ်တွင် ကျောင်းသား/ သူ စုစုပေါင်း ၁၄၆၀ ဦးကို ဆရာတော်ကြီး၏ ဦးဆောင်မှု၊ ဆရာ/ဆရာမ ၄၂ ဦး တို့ ၏ ဦးဆောင်မှုဖြင့် ပညာသင်ကြားပေးနိုင်ခဲ့သည်။

 
အဆိုပါ ကျောင်းသား ၁၄၆၀ ဦးတွင် ကျောင်းအိပ် ကျောင်းစား ၂၄၉ ဦး ( ယောကျာင်္းလေး ၁၃၂ ဦး၊ မိန်းကလေး ၁၁၇ ဦး) မိဘမဲ့ကလေး ၄၃ ဦး ပါဝင်၍ သူငယ်တန်းမှ အစပြုကာ တက္ကသိုလ် ပညာဆုံးခန်းတိုင်သည့်တိုင်အောင် ပညာသင်ကြားပေးလျက်ရှိပါသည်။ ထို့အပြင် ကျောင်းတွင် ပညာသင်ကြားနေသူများထဲမှ ထမင်းစားရန်အခက်အခဲ ရှိသူ ကျောင်းသား/သူ ၅၀၀ ကျော်ခန့် (မိဘမဲ့ များ၊ ဆင်းရဲ နွမ်းပါးသူများ ) အား နေ့လည်စာပါ ကျွေးမွေးလျက် ရှိသည်။ ပညာရေး မူလွန်ကျောင်း၏ တစ်လတာ ကုန်ကျစရိတ်မှာ သိန်း ၇၀ ကျော်ရှိပြီး ရန်ကုန်ရှိ ရှိုင်းဟိုလ် ကုမ္ပဏီမှ ၂၀၁၃ ခုနှစ် ကုန် သည် အထိ တစ်လလျှင် ၁၆ သိန်းပုံမှန် လှူဒါန်းလျက် ရှိသည်။ တခြားလိုအပ်သော ငွေကြေးများကို မြို့မိမြို့ဖများနဲ့ တခြား ဒေသမှ စေတနာရှိ ရဟန်းရှင်လူများ၏ ကူညီထောက်ပံ့မှုဖြင့် ကြိုးစားရုန်းကန် လည်ပတ်လျက် ရှိကြောင်း သိရှိရသည်။

0 comments: