Wednesday, January 8, 2014

ရေလုပ်ငန်းရှင်တွေ အတွက် ဈေးကွက်ဝင် ငါးနီတူခြောက် ပြုလုပ်နည်း



မြန်မာပြည်ကို ဆောင်းဝင်လာခဲ့ပြီဆိုတော့ ပင်လယ် ကမ်းခြေဒေသတွေမှာ မြန်မာတိုင်းသိနေသည့် (ငါးနီတူ) ငါးတွေ အမိအရ များလာ ချိန်ဖြစ် ပါသည်။ ယခု စာတမ်းလေးကို ပင်လယ်ဒေသ လူတွေ ဆီ ဖြန့် ဝေပေးကြပါရန် ပန်ကြားလို ပါသည်။

ငါးနီတူကို ကျနော်တို့ ဆီမှာ ငါးခြောက် လုပ်ရုံကလွဲပြီး တခြားနည်း မရှိကြပါ။ ကျနော်အော်ဇီ ရောက်မှ ငါးနီတူ အစို ( လတ်လတ် ဆတ်ဆတ်ကို တွေ့ ဖူးတာပါ။ အော်ဇီမှာက ငါးမြှားရန် အတွက်သာ သုံးကြပါသည်။ စားသူရှား ပါသည်။ ကျနော်တို့ ဆီမှာ ငါးခြောက်သာလျှင် လုပ်တော့ ငါးခြောက်တစ်ပိသာ ရရန် ငါးနီတူ ၅ ပိဿာ အထက်ကုန်ပြီး ဈေးအလွန်နည်းတော့ တန်ဖိုးပျက်ပါသည်။




(၁) သို့သော် အီတာလျံတွေ ကတော့ ငါးနီတူကို ဆားနယ်ပြီး ငါးပိကောင် ဆန်ဆန် စားတတ်ကြပါသည်။ ငါးနီတူ ငါးပိကောင်ကို ဆီမြုပ်နေအောင် လုပ်ထားပြီး စည်သွတ်ဘူး။ ပလပ်စတစ်ဘူး။ ဖန်ပလင်းနှင့်ရောင်းသော အီတာလျံ ငါးနီတူမှာ အလွန်ဈေးကြီးပါသည်။ ငါးသီးသန့်သာ ဝယ်လျင် တစ်ပိဿာ ကို ဒေါ်လာ ၁၂ဝ ကျော်ပါသည်။ မြန်မာငွေနှင့် ငါးနီတူ ငါးပိကောင်ကို တစ်သိန်းကျော် ပါသည်။ မြန်မာနိင်ငံမှာလဲ စမ်းသပ်သင့်ပါသည်။ နောက်တမျိုးကတော့ ငါးနီတူကို ငါးချဉ်တည်ပြီးမှ ဆားနယ်ကာ ငါးပိကောင် ပြန်လုပ် အထားခံရန် ဆီမြုပ်နေအောင် ထည့်ထားတာ ပါဘဲ။

(၂) ကတော့ ငါးနီတူကို ဆီဆမ်းပြီး အထက်မီးနှင့် ကင်ခြင်းဖြစ်ပါသည်။ တရက်တော့ ငါးနီတူကို ကင်စားကြည့်မယ်ဆိုပြီး ဂျင်း ၊ ကြက်သွန်ဖြူ ၊ ဆား ၊ နံနံပင် ကိုရောထောင်းကာ ငါးနီတူအပေါ် အရည်ညစ်ချပြီး ဗန်းကို လှန်ကစားပေးကာ သမအောင် လုပ်ပြီး ၁ဝ - ၁၅ မိနစ် နှပ်ထား ပါသည်။ ပြီး ခဲစက္ကူ ( Aluminum foil ) အပေါ် ငါးများကို အတန်းလိုက် ညီညီညာညာ ခင်းပြီး ဆီဆမ်း ပါသည်။ အထက် မီးနင့် ကင်ပါသည်။ လိုအပ်သလို ဆီထပ် ဆမ်းပေးပါ။ ငါးအရောင် အနီရောင် အနည်းငယ် သမ်းလာလျင် နောက်ထပ် ခဲစက္ကူပေါ်ကို ငါးများကို ခဲစက္ကူ နစ်ခု အပ်ထားပြီး လှန်ချပြီး ပြောင်းယူလိုက် ပါသည်။ အထက်မီးနင့် ထပ်ကင်လိုက် ပါသည်။ ငါးနီလာသည်အထိ ကင်ပါသည်။

ပြီး အအေးခံပြီး စားသုံးနိုင်ပါပြီ။ အကယ်လို့  ခေါင်းဖြုတ် ကင်လျင် ပုရစ်ကျော်လို အရသာနီးစပ် ပါသည်။ ပလပ်စတစ် ဘူးလေးနင့် ထဲ့ပြီး ပင်လယ် ကမ်းခြေဒေသမှ ရန်ကုန် မန္တလေးအထိပို့ ပေးလျင် ဘီယာသမားများ အလွန်ကြိုက်သော ဟင်းလျာတခု တိုးလာ ပါမည်။  ကျော်ပြီးလျင် ရေခဲခန်းမှာ သိမ်းထားလျင် အချိန် ကြာကြာထား စားနိုင်ပါမည်။ ပင်လယ်မှ လုပ်သားများ ငါးနီတူ ဈေးကွက်ကောင်းတခု တိုးလာပါမည်။ စမ်းသပ်ရန် အလွန်လွယ်ကူ ပါသည်။

(၃) အခြောက်လှန်းနည်းတစ်မျိုး

ငါးနီတူကို ရှေးနည်းအတိုင်း ငါးခြောက်လှန်းလျင် ငါးရောင်မှာ အချိန်ကြာလာလေ ဝါလာလေ၊ ပိုကြာလာလျင် ညိုသွားပြီး ရောင်းပန်း မလှတော့ပါ။ အော်ဇီမှာ ငါးနီတူဝယ်ပြီး အမျိုးမျိုး စမ်းပါ တော့သည်။ ငါးနီတူကို သဘာဝအတိုင်း မလှန်းဘဲ ဆားအသင့်အတင့် ထည့်ထားသော ရေကို အပူချိန် - ၆ဝ မှ ၇ဝ-ဒီဂရီ (စင်တီဂရိတ်) ရောက်အောင်လုပ်ပြီး ငါးနီတူကို (စက္ကန့်  ၂ဝ) စိမ်လိုက်ပြီး ၂ဝပြည့်တာနှင့် ရေစစ်ပြစ် လိုက်ပါ။ ငါးများဖြူလာပါသည်။ ကျပ်ငါးကိုလှန်းလျင် ငါးခြောက် အဖြူရောင်ရ ပါသည်။ ထိုနည်းက ငါးခြောက် ၁-ပိဿာရရန် ငါးအစို ၅-ပိဿာ အထက် မလိုပါ။ ၄-ပိသာကျော်ဖြင့် ဖြူနေသော အရသာ ပိုမိုကောင်းသော ငါးနီတူခြောက်ကို ရစေပါသည်။ အထူးသဖြင့် အသုံးပြုသော ဆားကို နှစ်ချို့ ဆားသုံးနိုင်လျင် အချိန်ကြာလာသည့်နင့်အမျှ ငါးအရောင်ဝါ ၊ ညိုလာမှုဖြစ်ခြင်း သက်သာပါသည်။

သို့မဟုတ် ဆားကို ဒယ်အိုးမှာ မိးပျင်းပျင်း လှော်ပေးလျင် နီညိုရောင် ဘရိုမင်းနှင့် အို်င်အိုဒင်း အငွေ့ များ ထွက်လာတာ မြင်ရ ပါသည်။ အဝတ်အဖြူ နောက်ခံထားကြည့်လျင် ထိုဓါတ်ငွေ့  များ ထွက်နေတာ မြင်ရပါသည်။ ထိုဓါတ်ငွေ့ အပေါ် ရှုကြည့်လျင် အလွန်မွှန် ပါသည်။ ထိုဓါတ်ငွေ့ များက ငါးခြောက်ကို ညိုလာစေခြင်း၊ ဆွေးမြေ့စေခြင်းဖြစ်စေပါသည် ။

ပင်လယ်ရေခူ လုပ်သူများ။ အခြား ငါးခြောက် လုပ်သူများလဲ ဆားကို လှော်ပြီးမှ ထဲ့လျင် အရောင်လှသော ငါးခြောက်များ ရပါမည်။ ငါးခြောက်လဲ အထားတာ ရှည်ခံပါမည်။ ပင်လယ် ရေလုပ်သားများကို မျှဝေပေးစေလိုပါသည်။ မြန်မာများ ဝင်ငွေ ပိုမိုတိုး လာမည်ဟ မျှော်လင့်မိ ပါသည်။ ကျေးဇူးတင်ပါသည်။

အားလုံးကို လေးစားလျှက်

ရေးသားသူ (ဒေါက်တာလှိုင်မြင့်)

0 comments: