Thursday, January 2, 2014

မြိတ်မြို့၌ ပြုလုပ်မည့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ (၁၈) နှင့် ပြစ်မှု ဆိုင်ရာ ပုဒ်မ (၅၀၅) (ခ) ကို ဖျက်သိမ်းပေးရန် ဆန္ဒထုတ်ဖော် ခွင့်ပြုမိန့် ငြင်းပယ်ခြင်း ခံရ



မြိတ်ခရိုင်(၈၈) မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း ဦးဆောင်၍ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့ (လွတ်လပ်ရေးနေ့) တွင် ပြုလုပ်မည့်  ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ (၁၈) နှင့် ပြစ်မှုဆိုင်ရာ ပုဒ်မ (၅၀၅) (ခ) ကို ဖျက်သိမ်းပေးရန် ဆန္ဒထုတ်ဖော် ခွင့် ပြုမိန့် လျှောက်ထားခြင်းကို (၂ရ.၁၂.၂၀၁၃) ရက်စွဲပါ  မြို့နယ်အုပ်ချုပ်ရေးမှူး၏ သဘောထားမှတ်ချက် နှင့်အတူ (၁.၁.၂၀၁၄) ရက် နေ့တွင် မြို့နယ် ရဲတပ်ဖွဲ့ ခွင့်ပြုမိန့် ထုတ်ပေးရန် ငြင်းပယ်လိုက်ကြောင်း သိရသည်။ 


ငြင်းပယ်ရသည့် အကြောင်းရင်းမှာ ၄င်းနေ့သည် နိုင်ငံတော်၏ နေ့ကြီးရက်ကြီး ဖြစ်ပြီး မြိတ်မြို့မ အားကစား ကွင်းတွင် လွတ်လပ်ရေးနှင့် အခမ်းအနားနှင့် အထိမ်း အမှတ်  ပြခန်းများ  ပြုလုပ်နေခြင်း၊ လျှောက်ထား သည့် နေရာဖြစ်သော မြိတ်မြို့ ထားဝယ်စု ရပ်ကွက် တွင်လည်း လွတ်လပ်ရေးနေ့ အထိမ်း အမှတ် ပျော်ပွဲရွင်ပွဲနှင့် အားကစား ပြိုင်ပွဲများ ပြုလုပ်နေခြင်း၊ ၄င်းအချိန်သည် လူအများ စည်းကား သွားလာနေချိန်ဖြစ်ပြီး ဒေသဆိုင်ရာ လိုအပ်ချက်အရ သတ်မှတ်ထားသော စည်းကမ်းချက် များနှင့် ညှိစွန်းနေ၍ လမ်းပိတ် ဆို့မှု ဖြစ်ပွားနိုင်သည့် အပြင် မြို့ပေါ်တွင် လူစည်ကားနေမှုကြောင့် ဆန္ဒဖော် ထုတ်မည့် လူဦးရေနှင့် အခြား လူများ ရောနှောပြီး အင်အား များပြားလာနိုင်သည့် အတွက် တရားဥပဒေ စိုးမိုးရေး နှင့် ရပ်ရွာ အေးချမ်း သာယာရေးကို ထိခိုက် လာနိုင်သည့် အတွက်ကြောင့် ငြင်းပယ်ကြောင်း  ဖော်ပြ ထားပြီး ထိုသို့ ငြင်းပယ်ခြင်းနှင့် စပ်လျဉ်းပြီး ငြိမ်းချမ်းစွာ စုဝေး ခွင့်နှင့် ငြိမ်းချမ်းစွာ စုဝေး လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ (၉) အရ အယူခံဝင်နိုင်ကြောင်း သိရှိရသည်။

သို့သော်လည်း ထိုသို့ ငြင်းပယ်ခြင်းနှင့် ပတ်သက်ပြီး မိဘပြည်သူများကို မတရား ဖိနှိပ်ချုပ်ခြယ်ထားသည့် ပုဒ်မ (၁၈)နှင့် ပြစ်မှု ဆိုင်ရာ ပုဒ်မ ၅၀၅(ခ)အား ဖျက်သိမ်းနိုင်ရေး ဆန္ဒပြ ခွင့်ပြုမိန့် ရရှိရေး အတွက် ဆက်လက် အယူခံဝင်  ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြိတ်ခရိုင် (၈၈) မျိုးဆက် Facebook စာမျက်နှာတွင် ဖော်ပြ ထားသည်။ 

နိုင်ငံတော် အစိုးရက “ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင် ရာ ဥပဒေ ကို ၂.၁၂.၂၀၁၁ ရက်နေ့က ပြဋ္ဌာန်း ခဲ့သည်။  ယင်း ပြဋ္ဌာန်းသော ဥပဒေတွင် ပုဒ်မ ၁၈ ၌ “မည်သူမဆို ခွင့်ပြုမိန့် မရ ရှိဘဲ ငြိမ်းချမ်း စွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ပြုကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို တစ်နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ဝ,ဝဝဝ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်" ဟု ပြဋ္ဌာန်းထားရာ ခွင့်ပြုမိန့်မရရှိဘဲ ငြိမ်းချမ်း စွာစုဝေးခြင်း၊ ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခြင်းပြုသူများသည် ယင်းဥပဒေပုဒ်မ ၁၈ အရ အရေးယူအပြစ်ပေး ခံရမည်ဖြစ်သည်။ 

ပြစ်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (ခ) ၏ ပြဋ္ဌာန်း ချက်မှာ “မည်သူမဆို  ဖော်ပြချက် ကိုဖြစ်စေ၊ ကောလာဟလ ကို ဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင် သို့ တည်း မဟုတ် ထုတ်ပြန် ကြေညာရာတွင် သို့တည်း မဟုတ် ဖြန့်ချိရာတွင် နိုင်ငံတော် အစိုးရကို ဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ရေးကို ဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦး တစ်ယောက်သော သူက ကျူးလွန် ချင်လာအောင် အများပြည်သူ ကို သော်လည်း ကောင်း၊ အများပြည်သူ၏ သီးခြား လူစုကို သော် လည်းကောင်း၊ ကြောက် ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခု ဖြစ်စေရန် အကြံရှိ လျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေ တန်ရာ သည့် အကြောင်း ရှိလျှင် ထိုသူကို ၂နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ် စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ် ရမည် ဟု ပြဋ္ဌာန်း ထားသည်။ ကင်းလွတ်ချက် အဖြစ် “ထိုဖော်ပြချက် သော်လည်းကောင်း၊ ထိုကောလာ ဟလ  သော် လည်းကောင်း၊ ထို သတင်း သော် လည်းကောင်း မှန်ကန်သည်ဟု ယုံကြည်ရန် အကြောင်း ရှိသည့် အပြင် အထက် ကဆိုခဲ့ သော အကြံ မရှိဘဲ ပြုလျှင် သို့တည်း မဟုတ် ထုတ်ပြန်ကြေညာလျှင် သို့တည်း မဟုတ် ဖြန့်ချိလျှင် ဤပုဒ်မ၏ အဓိပ္ပာယ် အရ ပြစ်မှုမမြောက် ဟု ဆက်လက် ပြဋ္ဌာန်းထား ပါသည်။

သို့သော်လည်း ခွင့်ပြုချက် မရရှိဘဲ ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ဆန္ဒပြသူများကို သက်ဆိုင် ရာက အရေးယူ ရာတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ သာမက ပြစ်မှုဆိုင်ရာ ဥပဒေ (ရာဇသတ်ကြီး) ပုဒ်မ ၅၀၅ (ခ) ကိုပါ တွဲဖက်၍ အရေး ယူခြင်း များ ရှိသည်ကို တွေ့ရှိ့ ရသည်။





0 comments: