Thursday, March 13, 2014

မြန်မာရေပြင်ပိုင်နက်အတွင်း ရေငန်ငါးသယံဇာတ မလျော့နည်းရန်လို

မြန်မာရေပြင်ပိုင်နက်အတွင်း ရေငန်ငါးသယံဇာတ မလျော့နည်းရန်လို
--------------------------------------------------------------------------
ရန်ကုန် မတ် ၁၁

မြန်မာ့ရေပြင်ပိုင်နက်အတွင်း ငါးသယံဇာတများ ပေါများခဲ့သည်။ ငါးသယံဇာတ ပေါများမှုကြောင့် ရက်အနည်းငယ်အတွင်း ငါးဖမ်းယာဉ်တစ်စင်းစာ ဖမ်းဆီးနိုင်ခဲ့မှုများ ရှိခဲ့သည်။ ယခုအခါ စည်းကမ်းမဲ့ငါးဖမ်းမှုများ၊ တရားမဝင် ငါးဖမ်းမှုများကြောင့် မြန်မာ့ရေပြင်ပိုင်နက်တွင် ငါးသယံဇာတများ လျော့နည်းလာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ငါးသယံဇာတ လျော့နည်းလာမှုကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်လာပြီ ဖြစ်သည်။


"အရင်ကဆိုရင် ငါးဖမ်းယာဉ်တစ်စင်း ပင်လယ်ပြင်မှာငါးဖမ်းထွက်ရင် သီတင်းနှစ်ပတ် ဒါမှမဟုတ် သုံးပတ်ဆိုရင် ငါးဖမ်းယာဉ်တစ်စင်းစာ ရပြီ။ အခုတော့ ငါးဖမ်းယာဉ် တစ်စင်းကို ၄၅ ရက်မှ နှစ်လအထိ ကြာအောင် ငါးဖမ်းမှရတဲ့အခြေအနေ ဖြစ်ပါတယ်။ ဒါဟာ ငါးသယံဇာတ လျော့နည်းလာလို့ဖြစ်ပါတယ်" ဟု ငါးဖမ်းယာဉ်ပိုင်ရှင် တစ်ဦးဖြစ်သူ ဦးတင်မောင်ဦးက ပြောသည်။

ထိုသို့ ငါးဖမ်းယာဉ်များ ရက်ကြာမြင့်စွာ ငါးဖမ်းနေရသော်လည်း ဖမ်းဆီးရမိသည့်ငါးများမှာ အရွယ်အစားသေးငယ်သော ငါးများဖြစ်ပြီး စီးပွားဖြစ်ငါးအမျိုးအစားများ နည်းပါးကြောင်း သိရသည်။ တန်ဖိုးနည်းသောငါးများ ဖမ်းဆီးရမှုများလာခြင်းက ငါးဖမ်းယာဉ်များ တွက်ခြေမကိုက် ဖြစ်လာလျက်ရှိသည်။ မြန်မာနိုင်ငံ၏ ရေငန်ငါးထုတ်လုပ်နိုင်မှု အနေအထားမှာ ၂၀၁၂-၂၀၁၃ ခုနှစ် ကာလအတွင်း တန် ၂ ဒသမ ၄ သန်း ရှိခဲ့ရာ ကမ်းဝေးငါးထုတ်လုပ်မှုသည် မြန်မာ့ရေငန်ငါးထုတ်လုပ်မှု စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့် ရှိနေသည်။ ထို့အတူ ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှုသည်လည်း ၂၀၁၂-၂၀၁၃ ခုနှစ် ကာလအတွင်း တန် ၀ ဒသမ ၃၇ သန်းရှိခဲ့ရာ အမေရိကန်ဒေါ်လာ ၆၅၂ ဒသမ ၃သန်းခန့်ရှိကြောင်း သိရသည်။

မြန်မာ့ပင်လယ်ပြင်တွင် လက်ရှိအချိန်၌ ငါးဖမ်းလိုင်စင်ရယူထားသည့် ငါးဖမ်းယာဉ် ၂၂၉၆ စင်းခန့်ရှိနေပြီး ရေလုပ်သားပေါင်း ၄၂၀၀၀ ခန့်ရှိနေရာ ငါးသယံဇာတ မလျော့ပါးစေရန် အားလုံးထိန်းသိမ်း စောင့်ရှောက်ရမည့် အနေအထားသို့ ရောက်ရှိလာပြီဖြစ်သည်။

MOI Webportal Myanmar

0 comments: