Monday, March 17, 2014

မြိတ်မြို့၌ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် အလှူတော်ရေစက်ချမင်္ဂလာ နှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ

မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော်မြတ်ကြီး၏ (၂၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် အလှူတော် ရေစက်ချမင်္ဂလာ အခမ်းအနားကို မတ်လ(၁၅)ရက် နံနက်(၉)နာရီက စေတီတော် ဗုဒ္ဓသာသနာ့ ဗိမာန် တော်တွင် ကျင်းပရာ အခမ်းအနားကို တက်ရောက်လာကြသော ဆရာတော် သံဃာတော်အရှင်သူမြတ်များ နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ(၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။


ထိုနောက် တနင်္သာရီတိုင်းဒေသကြီး သံဃနာယကအဖ့ ဥက္ကဌ အဂ္ဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တကောဏ္ဍည ကန်သာကျောင်းတိုက် ဆရာတော်ထံမှ ဧည့်ပရိတ်သတ် အပေါင်းတို့က ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူကြသည်။ ဆက်လက်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များအား မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် စေတနာရှင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြပြီး နိုင်ငံတော်ဗဟိုရ်သံဃ၀န်ဆောင် အဂ္ဂ္ဂမဟာ ဂဏ္ဍ၀ါစကပဏ္ဍိတ ဘဒ္ဒန္တ ၀ိမလ ကန်သာကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားများ နာယူကြ၍ ရေစက်သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းသည်။

မတ်လ (၁၆) ရက်နေ့ ညနေ (၄) နာရီ အချိန်တွင် လေးကျွန်းဆီမီး စေတီတော်မြတ်ကြီး ကုန်းတော်ပေါ်၌ မြိတ်မြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များ၊ သီလရှင် ကျောင်းတိုက်များမှ သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင်များ စုစုပေါင်း (၁၀၈)ပါးအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်ခင်မောင်ဌေးနှင့် ဇနီးတို့ အမှူးပြုပြီး တပ်ရင်း တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ ၊ အသင်းအဖွဲ့များ ၊ ရပ်ကွက် ပြည်သူများ မှ စုပေါင်း လှူဒါန်းကြသည်။

0 comments: