Friday, March 28, 2014

မြိတ်မြို့တွင် ဖိနပ်အရောင်းဆိုင်တစ်ဆိုင်မှ စတင်မီးလောင်မှုဖြစ်ပွား

( မြိတ် မတ် ၂၇ ရက် )

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်ဖျားရပ်ကွက် ကန်ဖျားလမ်းမကြီးတွင် မတ်လ(၂၇)ရက် နံနက် (၄)နာရီခန့်က မြို့မအားကစားကွင်းရှေ့ဈေးဆိုင်ခန်း တွင် ဈေးဆိုင်ခန်းအမှတ်(၂၄) ဦးထိန်လင်းအောင် ပိုင်ဆိုင် သော SCHOll ဖိနပ်အရောင်းဆိုင်မှ မီးလောင်မှု ဖြစ်ပွားခဲ့သည်။




အဆိုပါမီးလောင်မှုကို ဆိုင်ကယ်တက္ကစီမောင်းနှင်နေသူတစ်ဦးမှ တွေ့မြင်ရ၍ မီးသတ်ဦးစီးဌာနအား လာရောက်အကြောင်းကြားရာ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးရွှေညာမောင် ၊ ခရိုင်မီးသတ် ဦးစီးဌာနမှူး ဦးဇော်ဝင်း ဦးစီးလျက် မီးငြိမ်းသတ်ရေယာဉ် (၁၁)စီး၊ ရေသယ်ယာဉ်(၄)စီး စုစုပေါင်း(၁၅)စီးဖြင့် သန္ဓေ+ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ပြည်သူများ မှ အဆောက်အဦ အမိုးအထိ တက်၍ စွန့်စားစွာဖြင့် ငြိမ်းသတ်ခဲ့ကြရာ (၄း၄၀) နာရီတွင် မီးညွှန့်ကျိုးပြီး(၅)နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် သွပ်မိုးကွန်ဂရစ်ကာ၊ ကွန်ဂရစ်ခင်း (၁)ထပ် ဈေးအရောင်းဆိုင်ခန်း(၂)ခန်း၊ ဆိုင်ခန်းအတွင်းရှိ အရောင်းပစ္စည်းများ စုစုပေါင်းတန်ဖိုး(၃၃၄၀၀၀၀ိ)ကျပ် မီးလောင်ရှုံးဆုံးခဲ့သည်။ ဖိနပ် အရောင်းဆိုင်မှ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားချိန်တွင် ဈေးဆိုင်အတွင်းတွင် မီးသတ်ဆေးဘူးဖြင့် မီးငြိမ်း သတ်ခြင်းမရှိကြောင်း တာဝန်ရှိသူများမှ စစ်ဆေးတွေ့ရှိရပြီး မီးလောင်မှုအကြောင်းအရင်းအား စုံစမ်းဆဲဖြစ် ကြောင်း သတင်းရရှိသည်။


မြိတ် ပြန်/ဆက်

0 comments: