Wednesday, June 18, 2014

မြိတ်တွင် အိမ်ယာစီမံကိန်း ကုမ္ပဏီက ဝန်းခတ် ထားသည်ကို တစ်ဝက်လျော့ချပေးဖို့ ဒေသခံများ တောင်းဆို

ရန်ကုန်၊ မဇ္ဈိမ။              ။ မြိတ်မြို့တွင် ဆောက်လုပ်နေသည့် မြိတ်ပင်လယ် ရှုခင်းသာ အိမ်ယာ စီမံကိန်းကုမ္ပဏီက မြိတ်မြစ်ကို ဖြတ်၍ အုတ်တံတိုင်း ကာလိုက်သဖြင့် ဒေသခံများ သွားလာ လုပ်စားရန် အခက်ခဲဖြစ်သည်ဟု ၈၈မျိုးဆက် ပွင့်လင်း လူအဖွဲ့အစည်းမှ ကိုအောင်နိုင်ဦးက မဇ္ဈိမကို ပြောသည်။


မြိတ်မြို့နယ်၊ ငြိမ်းချမ်းရေးရပ်ကွက်၊ မြေဖုံနယ်မြေရှိ ပြည်ဖြိုးထွန်းကုမ္ပဏီက အကောင် အထည်ဖော် ဆောင်ရွက်နေသော မြိတ်ပင်လယ်ရှုခင်းသာအိမ်ယာ စီးမံကိန်းမြေဧက ၇၆ဒသမ၃ဧကကို ၂ဝဝ၄ခုနှစ်က စကာ စီမံကိန်း ဆောင်ရွက်နေပြီး စီမံကိန်း ဧရိယာအတွင်း လုံခြုံရေးဟုဆိုကာ အမြင့်ပေ ၁၅ပေ ၊ အလျား ၁၁ဝဝပေအထိ အုတ်တံတိုင်း ခတ်လိုက်သည့် အတွက် ဒေသခံများက လေကောင်းလေသန့် မရခြင်း၊ ငါးဖမ်းရ ခက်ခဲသွားခြင်းအပြင် သွားလာရ အခက်အခဲများ ရှိသည့် အတွက် အုတ်တံတိုင်းအမြင့်ကို ၇ပေခန့် အထိ လျော့ချပေးရန် တောင်းဆိုလိုက်သည်။

"ဒီအုတ်တံတိုင်းကြီးကာလိုက်တော့ဒေသခံတွေမှာ ငါးဖမ်းတာက အဆင်မပြေတော့ဘူး။ အရင်ကဆို ကိုယ်အိမ်နားပဲ အလုပ်လုပ်စားလို့ရတဲ့။ အိမ်ယာကနေ ပင်လယ်ကို ထွက်ဖို့အတွက် အပေါက်မရှိဘူး ပတ်ပြီးတော့သွားရတယ်။ အုတ်တံတိုင်းကမြင့်တော့ ပင်လယ်လေက မဝင်ဘူး ဒေသခံ ကျန်မာရေးအတွက် အဆင်မပြေဘူး''ဟုပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ၈၈မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်း၊ ဒေသခံများနှင့် မြိတ်မြို့နယ်စည်ပင်နှင့် ဒေသအာဏာပိုင်အချို့ တွေ့ဆုံကာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းမှုကို မေလ၁၇ရက်က ညှိနှိုင်းခဲ့သည်။ ကုမ္ပဏီက အုတ်တံတိုင်းကို ခတ်ရန် စည်ပင်သို့တင်ထားသည့်စာတွင် ၁၃ပေအမြင့်အထိ ဆောက်လုပ်မည်ဟု တင်ထားခဲ့သဖြင့် နှစ်ပေ ပြန်ဖျက်ပေးမည်ဟု ကုမ္ပဏီက ကတိပြုခဲ့သည်။ သို့သော် ဒေသခံများဘက်ကမူ ၇ပေခန့်အထိ နှိမ့်ပေးစေချင်သည်ဟုဆိုသည်။

"စည်ပင်ရုံးက ညှိတုန်းက ကျွန်တော်တို့က ၇ပေ၊ ၈ပေလောက်ပဲ ထားစေချင်တယ်။ အခုအုတ်ကာထားတော့ ပင်လယ်ဘက် ထွက်ရတာဝေးတယ်။ အုတ်တံတိုင်း ကနေ ဖြတ်ပြီး ပင်လယ်ထွက်တဲ့ အပေါက်ကို ဖောက်ပေးစေချင်တယ်" ဟု ဒေသခံ ကိုမျိုးလွင်က ပြောသည်။

မြိတ်မြို့နယ် စည်ပင်သာယာရေးဌာနက အမှုဆောင်အရာရှိ ဒု-ညွှန်ကြားရေးမှူး ဦးသက်ဦးရှိန်က "ဥပဒေမှာက အုတ်တံတိုင်း အမြင့်ကို အတိုင်းအတာမရှိဘူး။ ဒေသတွေက အဲဒီတုန်းကတော့ ၂ပေဖျက်ပေးမယ်ဆိုတာကို သဘောတူကြတယ်။ သူတို့လိုချင်တဲ့ ၇ပေ၊ ၈ပေအမြင့်လောက်ပဲ ဆောက်ချင်တယ်ဆို သက်ဆိုင်ရာ ဌာနတွေကို စာတင်ပြီးပြောပေါ့၊ ကျွန်တော်တစ်ယောက်ထဲလုပ်ပေးလို့မရဘူး" ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါ မြိတ်ပင်လယ် ရှုခင်းသာအိမ်ယာ အိမ်ယာစီမံကိန်းနှင့် ပတ်သက်၍ စီမံကိန်းဆောက်လုပ်နေသည့် ပြည်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီ၏ မန်နေဂျာ ဦးခင်ဝေကို မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာ အုတ်တံတိုင်းခက်ရခြင်းမှာ အိမ်ယာလုံခြုံရေးအရ နှင့် ဒေသခံများ နေထိုင်သည့်နေရာများသည် ကျူးကျော်မြေများ ဖြစ်သည့်အတွက် မြေယာပြဿနာများ ရှိလာနိုင်၍ ကြိုတင်ကာ အုတ်တံတားခတ်ထားခြင်း ဖြစ်သည်ဟု ပြောသည်။ ယင်းအပြင် ကုမ္ပဏီဘက်က ဒေသခံများ တောင်းဆိုသကဲ့သို့ စီမံကိန်းဝင်းကို ဖြတ်၍ ပင်လယ်ထွက်ပေါက် နီးရန် လမ်းဖောက်ခိုင်းသည်ကိုမူ လုံခြုံရေးအရ လုပ်ပေးမည်မဟုတ်ဟု ဦးခင်ဝေက ပြောသည်။ ကုမ္ပဏီက စီမံကိန်း၏ ဘေးက ပတ်၍ သွားနိုင်အောင်မူ လမ်းဖောက်ပေးခြင်း၊ သဲမြေခင်းပေးခြင်းများ ဆောင်ရွက်ပေးနေသည်ဟု ဆိုသည်။

"အုတ်တံတိုင်းကို  အခု နှစ်ပေကို ဖြိုပေးနေပါတယ်၊ အုတ်တံတိုင်းရဲ့တစ်ဝက်မှာ လေဝင်လေထွက်လို့ ရအောင် အုတ်ပန်းတွေကပ်ဖို့ စီစဉ်နေပါတယ်။ ဒါပေမယ့် စီးမံကိန်းအိမ်ယာဝင်းကို ဖြတ်ပြီးတော့ လမ်းတော့မဖောက်ပေးလို့မရဘူး။လုံခြုံရေးအတွက်ပါ''ဟု ဦးခင်ဝေက ဆိုသည်။

လက်ရှိဒေသခံများ နေထိုင်သည့် မြေသည် ပိုင်ရှင်ဦးရုံးကီးပိုင်သည့်မြေပေါ်တွင် ကျူးကျော်နေထိုင်ခြင်း ဖြစ်သည်ဟု မြိတ်မြို့နယ်မှ ၈၈မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုအောင်နိုင်ဦး ကပြောသည်။

0 comments: