Sunday, June 29, 2014

မြိတ်မြို့ မဟာသိဒ္ဓိအောင် ပရိယတ္တိစာသင်တိုက်တွင် ဓမ္မာရုံနှင့် အာရုံခံတန်ဆောင်း အလှူတော် မင်္ဂလာနှင့် ၀ဋံသကနာရေးကူညီမှုအသင်းအတွက် နိဗ္ဗာန်ယာဉ်နှင့် အအေးခန်းတလား၊ စတီး တလားများ လှူဒါန်းပွဲ ကျင်းပ

မြိတ်မြို့ မဟာသိဒ္ဓိအောင် ပရိယတ္တိစာသင်တိုက်တွင် အနန္တော အနန္တငါးပါး ဦးထိပ်ထားပြီး
နှစ်ဘက်သော မိဘများအား အမှူးထား၍ ကိုအောင်ကျော်မြင့်+မအိအိလင်းမိသားစု ရတနာ မိုးပြည့်ထွန်း ကုမ္ပဏီမှ ကျောင်းရှေ့ဓမ္မာရုံနှင့် အာရုံခံတန်ဆောင်း အလှူတော် မင်္ဂလာနှင့် ၀ဋံသကနာရေးကူညီမှုအသင်း အတွက် နိဗ္ဗာန်ယာဉ်နှင့် အအေးခန်းတလား၊ စတီးတလားများ လှူဒါန်းပွဲကို ဇွန်လ(၂၉)ရက် နံနက်(၉း၄၀) နာရီက ကျင်းပခဲ့သည်။





ရှေးဦးစွာ အခမ်းအနားသို့တက်လာကြသော မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ သုဇာတ သံသာရာ အေးဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆရာတော်အမှူးပြုသော ဆရာတော် သံဃာတော်အရှင်သူမြတ် များ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသ ကြီးလွှတ်တော်ဥက္ကဌနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလှူရှင်မိသားစုနှင့် ဧည့်ပရိတ်သတ် များက နမောတဿ (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။

ယင်းနောက် တက်ရောက်လာကြသူများက သံသရာအေးကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြသည်။ ဆက်လက်၍ စေတနာရှင် အလှူရှင်များက ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။ ထိုနောက် သံသရာအေးကျောင်းဆရာတော်ထံမှ
အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြသည်။

အခမ်းအနားအပြီးတွင် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်း ကြပြီး ဧည့်ပရိတ်သတ်အပေါင်းတို့အား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။ ယင်းနောက် ၀ဋံသက နာရေးကူညီမှုအသင်း အတွက် နိဗ္ဗာန်ယာဉ်(၁)စီးနှင့် အအေးခန်း တလား(၂)လုံး၊ စတီးတလား(၂)လုံးပေး အပ်လှူဒါန်းရာ ၀ဋံသကနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

မဟာသိဒ္ဓိအောင် ပရိယတ္တိစာသင်တိုက်အတွက် အလှူရှင် ကိုအောင်ကျော်မြင့်+ မအိအိလင်း မိသားစု ရတနာမိုးပြည့်ထွန်း ကုမ္ပဏီမှ ကျပ်သိန်း(၇၅၀)တန်ဖိုးရှိ ကျောင်းရှေ့ဓမ္မာရုံ၊ အာရုံခံ တန်ဆောင်း နှင့် ၀ဋံသကနာရေးကူညီမှုအသင်းအတွက် ကျပ်(၁၉၅)သိန်း တန်ဖိုးရှိ နိဗ္ဗာန်ယာဉ်နှင့် အအေးခန်းတလား၊ စတီးတလားများ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

0 comments: