Wednesday, June 18, 2014

တနင်္သာရီတိုင်းအတွင်း လှုပ်ရှားနေသည့် ကေအင်န်ယူ ရဲတပ်ဖွဲ့ ဖျက်သိမ်းရန် တိုင်းအစိုးရ အကြောင်းကြားထား

တနင်္သာရီတိုင်းဒေသကြီးတွင် အခြေစိုက်လှုပ်ရှားနေသော ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်မဟာ ၄ (မြိတ်/ ထားဝယ်ခရိုင်) နယ်မြေ အတွင်းရှိ ကရင် အမျိုးသားရဲတပ်ဖွဲ့ကို ဖျက်သိမ်းပေးရန်  တိုင်းဒေသကြီး အစိုးရက အကြောင်းကြား ထားကြောင်း သတင်းရရှိသည်။

အဆိုပါ ဆောင်ရွက်ချက်များကြောင့် နိုင်ငံတော် အစိုးရက တရားဝင်ဖွဲ့စည်းထားသော ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ထင်ယောင် ထင်မှားဖြစ်ခြင်း၊ ဒေသခံ ပြည်သူများ ပြည်တွင်းပြည်ပ ခရီးသွားများအား အနှောင့်အယှက် ဖြစ်စေသည့်အပြင် နိုင်ငံတော် အစိုးရက ဖွဲ့စည်းထားသည့် ၀န်ကြီးဌာန၊ ဦးစီးဌာနများ နည်းတူ ဖွဲ့စည်းဆောင်ရွက်ခွင့် မရှိ သဖြင့် ယခုဖွဲ့စည်းဆောင်ရွက်လျက် ရှိသော ကရင်အမျိုးသား ရဲတပ်ဖွဲ့အား ဖျက်သိမ်းပေးရန်နှင့် ရဲတပ်ဖွဲ့၊ အကောက်ခွန်၊ သစ်တောဦးစီးဌာနများ၏ လုပ်ငန်း တာဝန်များ ဆောင်ရွက်ခြင်း မပြုရေး လိုအပ်သလို ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ပေး ပါရန် အကြောင်းကြား ပါသည် ဟုလည်း ဖော်ပြပါရှိသည်။

‘‘ဒီကိစ္စက တပ်နဲ့ဖြစ်တာမဟုတ်ဘူး။ တိုင်းဒေသကြီး အစိုးရနဲ့ဖြစ်တာ။ ဒီလိုကိစ္စမျိုးတွေက မကြာခဏ ဖြစ်တတ် ပါတယ်။ ဟိုဘက် ဒီဘက် ညှိလိုက်ရင် အဆင်ပြေသွားကြတယ်’’ ဟု မြန်မာ့ ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေး ဗဟိုဌာန (MPC) မှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။ သို့သော် အဆိုပါ ကိစ္စမှာ ယခုအချိန်ထိ အဆင်မပြေသေးကြောင်း ကရင်အမျိုးသား အစည်းအရုံး အဆင့်မြင့် အရာရှိတစ်ဦး ကပြောသည်။

ကရင်အမျိုးသား အစည်းအရုံးအနေဖြင့် ၁၉၉၂ မတ်လမှစ၍ KNU ရဲတပ်ဖွဲ့ကို စတင်ဖွဲ့စည်း ခဲ့သည်။ ယခုရက်ပိုင်းအတွင်း KNU တပ်မဟာ (၄) လက်အောက်ခံ တပ်ဖွဲ့တစ်ခုနှင့် မြန်မာအစိုးရ စစ်တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNU ဘက်မှ နှစ်ဦး ကျဆုံးခဲ့သည်။\

7daynews

0 comments: