Tuesday, June 24, 2014

ကျွန်းစုမြို့နယ် အတွင်း လေပြင်းတိုက် ဒီရေလှိုင်း ရိုက်၍ ပျက်စီးသွားသော နေအိမ်များ ပြန်လည်ဆောက်လုပ် နိုင်ရေး တိုင်းဒေသကြီး အစိုးရက သိန်း (၁၄၀၀)ကျော် ပံ့ပိုး ကူညီမည်




၂၀၁၄ ခုနှစ် ဇွန်လ (၁၄) ရက်နေ့ နေ့လည် (၁)နာရီ ခွဲ အချိန်ခန့်တွင် ကျွန်းစုမြို့နယ် အတွင်းရှိ ပင်လယ်ပြင်တွင် လေပြင်းများ တိုက်ခတ်မှုကြောင့် ပင်လယ်ပြင် လှိုင်းကြီးပြီး ကမ်းခြေသို့ လှိုင်းလှုံးများ ၀င်ရောက် ရိုက်ခတ်ခဲ့ရာ ကျွန်းစုမြို့နယ် ကျေးရွာ အချို့တွင် နေအိမ်များနှင့် စာသင်ကျောင်း အချို့ ၊ ရေဆင်း တံတားများ  က်စီး ဆုံးရှုံး ခဲ့သည်။ ထိုသို့ ပျက်စီး ဆုံးရှုံးသွားသည့် နေအိမ်နှင့် အဆောက်အဦးများ ပြန်လည် ဆောက်လုပ် နိုင်ရေး အတွက် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ကျပ်သိန်း (၁၄၀၀)ကျော် အကုန်ကျခံပြီး ပံ့ပိုး ကူညီ ပေးမည် ဖြစ်ကြောင်း သိရသည်။ 



'' ကျွန်တော် အဖွဲ့ ကွင်းဆင်း စစ်ဆေးပြီးပါပြီ ၊ အများဆုံး ပျက်စီးတာက စခန်းသစ်အုပ်စု ၀ါးအော် ကျေးရွာနဲ့ မဲတောအုပ်စု အုတ်ဖိုမော် ကျေးရွာတွေမှာ ဖြစ်တာပါ ။ အသစ်ဆောက်ရမယ့် အိမ်က အလုံး (၇၀) ရှိပါတယ်။ ပြန်ပြင်ရမယ့် အိမ်က (၁၄)လုံးရှိပါတယ်။ အသစ်ဆောက်ရမယ့် အိမ်အတွက် အိမ်တစ်လုံး (၁၉) သိန်းနှုန်း (ဒေသပေါက်ဈေး) နဲ့ ပံ့ပိုး ပေးသွားမှာ ဖြစ်ပြီး ပြန်ပြင်ရမယ့် အိမ်တွေ အတွက်ကတော့ တစ်လုံး (၅)သိန်းနှုန်းနဲ့ ပံ့ပိုးပေးသွားမှာပါ။ '' ဟု တနင်္သာရီတိုင်း ဒေသကြီး စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဦးသိန်းလွင်က ပြောကြားခဲ့သည်။
၎င်းအပြင် လေပြင်းတိုက်ခတ်စဉ်က ပျက်စီးသွားသည့် ပညာရေး အဆောက်အဦးများအား ပညာရေးဝန်ကြီး ဌာနမှ အသစ်ပြန်လည် ဆောက်လုပ်ရန် ခွင့်ပြုထားပြီး ဖြစ်ကြောင်း နှင့် ကျောင်းဆောင် တစ်ဆောင်လုံး ပြိုကျ သွားသည့် ကံမော် ကျေးရွာအုပ်စု ပသျှူးချောင်းရွာ မူလတန်း ကျောင်းအား (၆၀ပေ-၃၀ပေ) သံကူ ကွန်ကရစ် သွပ်မိုး ကျောင်းဆောင် တစ်ဆောင် ဆောက်လုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။
လေပြင်း တိုက်ခတ်မှု၊ ဒီရေလှိုင်း ရိုက်ခတ်မှုတို့ကြောင်း ကျွန်းစုမြို့နယ်အတွင်း ကျေးရွာ (၉) ရွာ၌ နေအိမ်နှင့် စာသင်ကျောင်းများ ပြိုကျပျက်စီးခဲ့ပြီး စုစုပေါင်း နေအိမ်နှင့် အဆောက်အဦး (၁၀၄)ခု ပျက်စီးခဲ့ကာ ကျပ်သိန်း (၁၃၀၀)ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ အဆိုပါ ဘေးအန္တရာယ် ကျရောက်သူ မိသားစု များအတွက် ကျေးရွာ အသီးသီးတွင် ယာယီနေထိုင်ရေး စီစဉ် ဆောင်ရွက်ပေးထားပြီး မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ ကယ်ဆယ်ရေး ပစ္စည်းများ၊ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ကယ်ဆယ်ရေး ပစ္စည်းများ ပံ့ပိုးပေးထားကြောင်း သတင်းရရှိသည်။
ဇွန်လ ၂၄ ရက်နေထုတ် ပြည်ထောင်စုနေ့စဉ် သတင်းစာ


0 comments: