Tuesday, June 3, 2014

ရေးစီးရေလာကောင်းမွန်ရေးအတွက် ဘုရားကိုင်ချောင်းအား မြေတူးစက်ဖြင့် တူးဖော်လျက်ရှိ

မြိတ်မြို့ ဘုရားကိုင်ချောင်းသည် အရှည်(၂)မိုင်ကျော်ခန့်ရှည်လျားပြီး ရပ်ကွက်(၈)ရပ်ကွက် အား ဖြတ်၍ မြိတ်မြစ်အတွင်း စီးဆင်းလျက်ရှိသော ချောင်းကြီးဖြစ်သည်။ ဘုရားကိုင်ချောင်း
ရေစီးရေလာ ကောင်းမွန်စေရေးအတွက် မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေ ကျပ်သိန်း(၆၀)ဖြင့် အမှိုက် သရိုက်များ၊ သဲနုံးများဖြင့် ပြည့်နေသည့်နေရာများတွင် မြေတူးစက်ဖြင့် အရှည် (၄၀၀၀)ပေ၊ အကျယ်(၃၀) ပေ၊ အနက်(၅.၆)ပေ တူးဖော်ခြင်းလုပ်ငန်းကို ဇွန်လ(၁)ရက် နံနက်ပိုင်းမှစ၍ ဆောင်ရွက်လျက်ရှိသည်။


အဆိုပါ ဘုရားကိုင်ချောင်းတွင် ယခုအခါ ချောင်းအနီးနေထိုင်သူအချို့၏ အမှိုက်များ ပစ်ချမှုကြောင့် အမှိုက် သရိုက်များ သဲနုံးများ ပြည့်နက်နေပြီး ရေစီးရေလာ မကောင်း သဖြင့် ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါသည်။ မိုးသည်းထန်စွာ အဆက်မပြတ်ရွာ သွန်းသည့်နေ့များတွင် ချောင်းကြီးတွင် အမှိုက် သရိုက်များပြည့်နေ၍ ရေစီးရေလာမကောင်းခြင်း၊ မြိတ်မြစ်နှင့် ဆက်စပ်နေသဖြင့် ရေတက်သည့်နေ့များနှင့် မိုးသည်းထန်စွာရွာသည့်ရက်နှင့် ဆုံသည့်ရက်များတွင် ချောင်းရေလျှံ၍ ရပ်ကွက်များရှိ ကားလမ်းပေါ် ရေလျှံမှုများဖြစ်၍ အမက(မူလွန်) ပါရမီ စာသင်ကျောင်းမှာ ကျောင်းထဲရေ၀င်၍ ယခင်နှစ်များ တွင် ကျောင်းခေတ္တပိတ်ရသည့် ရက်များ ရှိကြောင်း သိရှိရသည်။

ရပ်ကွက်နေပြည်သူတစ်ဦးမှ နှစ်စဉ် မိုးရာသီရောက်တိုင်း ရပ်ကွက်များ လမ်းရေလျှံခြင်းများဖြစ်ပေါ် နေသောကြောင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် တာဝန်ရှိသူများမှ ဘုရားကိုင်ချောင်းတလျောက် တူးဖော်ဆောင်ရွက်ပေးစေလိုကြောင်း၊ ယခင်ကဆိုရင် ဘုရားကိုင်ချောင်းအတွင်း သစ်ခုတ်လေများ၊ ဓနိဖက်သယ်ဆောင်လာသည့် စက်လှေများ ၀င်ရောက်နိုင်ကြောင်း၊ လူတချို့ရဲ့ စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်ခြင်း၊ လောဘသား များ၏ ချောင်းရိုးတလျှောက် ဧရိယာတိုးချဲ့ ကျူးကျော်အိမ်များဆောက်လုပ်ခြင်း များကြောင့် ဘုရားကိုင်ချောင်းသည် ကျဉ်းမြောင်းလာပြီး အမှိုက်များပိတ်ဆို့မှုများဖြစ်လာကြောင်း၊ တာဝန်ရှိ သူများအား ချောင်းအနီးအနားရှိ ရပ်ကွက်များအတွင်းတွင် အမှိုက်ပုံးများထားပေးခြင်း၊ အမှိုက်သိမ်း ယာဉ်များဖြင့် အမှိုက်များ သိမ်းဆည်းပေးခြင်းများ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဘုရားကိုင်ချောင်းတူးဖော်ခြင်းလုပ်ငန်းကို မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ
မြေတူး စက်ဖြင့် တူးဖော်၍ မြေသယ်ယာဉ်ဖြင့်တူးဖော်ဆောင်ရွက်လျက်ရှိရာ ရပ်ကွက်နေပြည်သူ များမှ ပူးပေါင်းပါ ၀င်ဆောင်ရွက်လျက်ရှိသည်။ ချောင်းတူးဖော်ခြင်းဆောင်ရွက်ပြီးစီးပါက
ရေစီးရေလာကောင်းမွန်၍ မိုးဦးကျ ရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါ၊ ၀မ်းပျက်ဝမ်းလျောရောဂါများ ကြိုတင်ကာကွယ် နိုင်မှာဖြစ်ကြောင်း သိရှိရသည်။

1 comments:

Unknown said...

ကမ်း​ဇော်​ဆီ အ​​ကြောင်း ​လေးတင်​​ပေးပျ