Saturday, June 28, 2014

မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၀ဏ္ဏကျော်ထင် ဦးဌေးမြင့် ဆောက်လုပ်လှူဒါန်းသည့် သိန်း (၂၅၀၀) တန်ဖိုးရှိ မူလတန်းကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနား ကျင်းပ



မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၀ဏ္ဏကျော်ထင် ဦးဌေးမြင့်+ ဒေါ်အေးအေးမော်နှင့် ယုဇန ကုမ္ပဏီ မိသားစုက ဆောက်လုပ်လှူဒါန်းသော တန်ဖိုး ကျပ်သိန်း (၂၅၀၀) ရှိသည့် အလျား (၃၂၀)ပေ၊ အနံ (၃၀)ပေ၊ အမြင့် (၁၂)ပေ အရွယ် သံကူကွန်ကရစ် အုတ်စီ သွပ်မိုး (၁)ထပ် ရေပုန်းရပ် အခြေခံ ပညာ မူလတန်း လွန်ကျောင်း ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနားအား ၂၀၁၄ခုနှစ် ဇွန်လ (၂၈) ရက်နေ့ နံနက် (၉)နာရီ (၃၀) အချိန်တွင် မြိတ်မြို့ ရေပုန်းရပ်ကွက် ဘုံပျံကျောင်းလမ်းရှိ  ၄င်းကျောင်းဆောင် မျက်နှာစာ၌ ကျင်းပပြုလုပ်သည်။ 





အဆိုပါ ကျောင်းဆောင်သစ်အား ပြည်သူ့လွှတ်တော်  ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း၊ အလှူရှင် ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ၀ဏ္ဏကျော်ထင် ဦးဌေးမြင့် ၊ တနင်္သာရီတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးထင်အောင်ကျော်၊ တနင်္သာရီတိုင်းဒေသကြီး လူမှုရေး ၀န်ကြီး ဒေါက်တာ ၀င်းအောင်နှင့် မြို့မိမြို့မ ဦးစန်းမောင်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။ 

ထိုနောက် တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုက ရေပုန်းရပ် မူလတန်းလွန်ကျောင်း ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီးကျောင်းဆောင်အတွင်းရှိ ကမ္ပည်းမော်ကွန်းစာအား ၀န်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမွှေးနံသာရည်များ ပက်ဖြန်းကျသည်။
ဆက်လက်ပြီး စာသင်ကျောင်းခန်းမ၌ ဖွင့်ပွဲ အခမ်းအနား အစီအစဉ် ဒုတိယပိုင်း ကျင်းပရာ တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် ပြည်သူ့လွှတ်တော်  ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်သိမ်းတို့က အဖွင့်အမှာစကား ပြောကြားကာ အလှူရှင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၀ဏ္ဏကျော်ထင် ဦးဌေးမြင့်က ကျောင်းဆောင်သစ် လှူဒါန်းရခြင်း အကြောင်း ရှင်းလင်တင်ပြပြီးနောက် ကျောင်းဆောင်သစ်နှင့် ပတ်သက်သော စာရွက်စာတမ်းများအား ပညာရေး ဌာနသို့ လွှဲပြောင်း ပေးအပ် လှူဒါန်းရာ တနင်္သာရီတိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူး ဦးထွန်ရီက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။ ပြီးနောက် အလှူရှင်မှ ကျောင်းဆောင်ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်နှင့် အမှတ်တရ အလံများ ကို တာဝန်သူများအား ပေးအပ်ခဲ့သည်။ 

ထိုနောက် ကျောင်းရန်ပုံငွေအတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ အလှူရှင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၀ဏ္ဏကျော်ထင် ဦးဌေးမြင့် မိသားစုက သိန်း (၁၅၀)၊ မြိတ်အများပိုင် ကုမ္ပဏီ ဥက္ကဋ္ဌ  ဦးလှသန်း မိသားစုက ကျပ်သိန်း (၃၀)၊ မြိတ်အများပိုင် ကုမ္ပဏီ အတွင်းရေးမှူး ဦးစိုးဝင်း မိသားစုက ကျပ် (၂၅)သိန်း၊ ထူးထူးတိုးကုမ္ပဏီ ဦးကျော်ကျော် မိသားစုတို့က ကျပ် (၂၅)သိန်း၊ သီတာရေလုပ်ငန်း ကုမ္ပဏီက ကျပ်သိန်း (၂၀) စုစုပေါင်း ကျပ်သိန်း (၂၅၀)အား လှူဒါန်းခဲ့ရာ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များက လက်ခံ ရယူသည်။ 


ဆက်လက်ပြီး ယုဇနကုမ္ပဏီ မိသားစုနှင့် မြို့မိမြို့ဖ တစ်ဦး ဖြစ်သူ ဦးစန်းမောင်တို့က ကျောင်းသုံး ဗလာစာအုပ်နှင့် စာရေး ကိရိယာ ၊ ကျောင်းဝတ်စုံ များအား ပေးအပ် လှူဒါန်းရာ  ကျောင်း အကျိုးတော်ဆောင်များက လက်ခံ ကြသည်။ ပြီးနောက် ရေပုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က ကျောင်းဆောင်သစ် လှူဒါန်းခြင်း အတွက် ကျေးဇူးတင်စကား ပြောကြားပြီးနောက် 
အခမ်းအနား ပြီးမြောက်ခဲ့သည်။ 





အခမ်းအနား ပြီးမြောက်ပြီးနောက် အလှူရှင်နှင့် ဧည့်သည်တော်များက ကျောင်းဆောင်အတွင်း လှည့်လည် ကြည့်ရှုခဲ့ပြီးနောက် ကျောင်းတက်ရောက်လျက်သည့် ကျောင်းသား ကျောင်းသူ (၈၀၀) ကျော်အတွက်  ကျောင်းသုံး စာအုပ်၊ စာရေးကိရိယာ၊ ကျောင်းဝတ်စုံများ တစ်ဦးချင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ကိုရဲ (မြိတ်)

0 comments: