Wednesday, June 18, 2014

စက်မှုဇုန်နှင့် ဆိပ်ကမ်း ပါဝင်မည့် မြိတ်စီးပွားရေးဇုန် ကျပ် ၁၀၀ ဘီလီယံခန့် ကုန်ကျခံ တည်ထောင်မည်

စက်မှုဇုန်နှင့် ဆိပ်ကမ်းများ ပါဝင်မည့် မြိတ်စီးပွားရေးဇုန် (Myeik Economic Zone) ကို ပုဂ္ဂလိက အပိုင်းက ပထမဆုံး အကောင်အထည်ဖော် တည်ထောင်သွားမည်ဟု မြိတ်စီးပွားရေးဇုန် စီမံကိန်းကို ဆောင်ရွက်မည့် မြိတ်အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ (Myeik Future Development Public Co., Ltd.) ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်မျိုးလတ်က မဇ္ဈိမကို ပြောသည်။


ယင်းစီးပွားရေးဇုန် တည်ထောင်နိုင်ရန် တနင်္သာရီတိုင်း အစိုးရထံ အဆိုပြုချက် Proposal တင်ပြထားပြီး ခွင့်ပြုချက်ရရှိပါက စီးပွားရေးဇုန် တည်ဆောက်ရေးလုပ်ငန်းများကို ယခုနှစ် ပွင့်လင်းရာသီတွင် စတင် ဆောင်ရွက်နိုင်ရန် စီစဉ်နေသည်ဟု ၎င်းက ပြောသည်။

စီးပွားရေးဇုန် တည်ဆောက်ရန်အတွက် ခန့်မှန်းကုန်ကျစရိတ် ကျပ် ၁၀၀ ဘီလီယံခန့်အထိ လျာထားပြီး စီးပွားရေး တည်ဆောက်ရေး လုပ်ငန်းများကို အများပိုင် ကုမ်္ပဏီ အနေဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကာ အခြားစက်မှုလက်မှု စီးပွားရေး လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်သွားမည်ဖြစ် သည်။

ဦးအောင်မျိုးလတ်က “ မြိတ်က ရေထွက်ကုန်တွေ အတွက် အချက်အချာ ကျတဲ့မြို့ ဖြစ်ပေမယ့် Market Center (အဓိက ဈေးကွက်) ကျတော့ မရဘူး။ အိမ်နီးချင်း ထိုင်းနိုင်ငံ ရနောင်းဘက်မှာ သွားရောင်းနေရ တယ်။ ဖမ်းတာက အစ တင်ပို့တာ အထိက ကိုယ်ပဲ။ ဒါပေမဲ့ ရောင်းပြီးရရှိတဲ့ Percentage (ရာခိုင်နှုန်းရရှိ မှု) က နည်းတယ်။ အဲဒါကြောင့် စီးပွားရေးဇုန်တစ်ခု တည်ထောင်ပြီး ဈေးကွက်ကို ကိုယ်ဘက်ကို အများကြီး မဟုတ်တောင် ရနိုင်သလောက် ရာခိုင်နှုန်းတစ်ခုလောက် ရရှိအောင် ကြိုးစားကြည့်တာပါပဲ ” ဟု ပြော သည်။

စီးပွားရေးဇုန်တွင် ဆိပ်ကမ်းဇုန်၊ ဆိပ်ကမ်းအခြေခံ ကုန်စည်ရောင်းဝယ်မည့် စီးပွားရေးနှင့် ကုန်သွယ်မှုဇုန်၊ စက်မှုဇုန်များ ပါဝင် သွားမည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာစေရန် အတွက် ဆိပ်ကမ်းနှင့် ကုန် စည်ရောင်းချမည့် ကုန်သွယ်ရေး လုပ်ငန်းများကို ချိတ်ဆက်ဆောင်ရွက်သွား မည်ဖြစ်သည်။

ဦးအောင်မျိုးလတ် က “ ကျွန်တော်တို့က အခြေခံအဆောက်အုံတွေ အရင်ပြီးစီးအောင် ဆောင်ရွက်မယ်။ ပြီးတာနဲ့ ရင်းနှီးမြှုပ်နှံသူတွေ လိုက်လာမယ်။ အဲဒီလို ပုံစံမျိုးနဲ့ လည်ပတ်ပြီးသွားမှာပါ။ စီမံကိန်း အားလုံး ပြီးစီးဖို့ဆိုရင်တော့ ၁၀ နှစ် လောက် လျာထားတယ်။ ဒေသတွင်း ကုန်စည် ဆုံချက်တစ်ခု ဖြစ်လာအောင် ဆောင်ရွက်တဲ့အတွက် အခုထက်ကုန် စည်စီးဆင်းတာမြန်လာမယ်။ ကုန်ကျစရိတ်တွေလည်း အများကြီး ကျလာမယ် ” ဟု ပြောသည်။

မြိတ်မြို့၏ အဓိကလိုအပ်ချက်များ တွင် ခေတ်မီစနစ်ကျသော ဆိပ်ကမ်း၊ ကုန်လှောင်ရုံများပါဝင်သော ကုန် သွယ်မှုဇုန်တစ်ခု လိုအပ်လျက်ရှိသည့်အတွက် စီးပွားရေးအခြေခံအဆောက်အအုံတစ်ခု အဖြစ်တည် ဆောက်ရန်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက မြိတ်စီးပွားရေးဇုန်နှင့် ပတ်သက်၍ ဆက်လက်ပြောသည်။

မြိတ်စီးပွားရေးဇုန်ကို မြိတ်မြို့ လေဆိပ်၏အရှေ့ဘက်ရှိ မြေဧက ၁,၀၀၀ ခန့် တွင် တည်ဆောက်နိုင်ရန် လျာထားသည်။ မြိတ်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီကို ၂၀၁၄ ခုနှစ်မတ်လတွင်တည်ထောင် ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်၊ မဇ္ဈိမ

0 comments: