Tuesday, June 24, 2014

မြိတ်ခရိုင် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ၂၀၁၃-၂၀၁၄ခုနှစ် ပထမအကြိမ် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေး ကျင်းပ

မြိတ်ခရိုင် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ၂၀၁၃-၂၀၁၄ခုနှစ် ပထမအကြိမ် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို ဇွန်လ(၂၂)ရက် နံနက်(၉)နာရီက
 မြိတ်မြို့ ပုလဲရတနာ ခန်းမတွင် ကျင်းပရာ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာန ဆိုင်ရာများ၊ မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြတ်ကို က အမှာစကားပြောကြားရာ တွင် နိုင်ငံတော်မှ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နှင့်အညီ ကုန်သွယ်မှုလုပ်ငန်းဆိုင်ရာ အခက်အခဲများအပေါ် ဖြေလျော့ဆောင်ရွက်ပေးလျက်ရှိသလို တိုင်းဒေသကြီးအစိုးရ အဖွဲ့မှလည်း ဒေသလုပ်ငန်းလိုအပ်ချက်အပေါ် ပံ့ပိုးကူညီဆောင်ရွက်ပေးနေကြောင်း၊ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် လမ်းကြောင်းမှန်ပေါ်မှ ဆောင် ရွက်သလို လုပ်သာကိုင်သာတဲ့ အခွင့်အလမ်းများ အပြည့်အ၀ရရှိတဲ့ အချိန်အခါကောင်းဖြစ်ကြောင်း၊ မြိတ် ခရိုင်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအနေနှင့် ညီနောင်အသင်းအဖွဲ့များကို ဦးဆောင် ပြီး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆက်လက်တိုးတက်အောင် ဆောင်ရွက် စေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မြိတ်ခရိုင် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးလှသန်း က အသင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် အမှာစကားပြောကြားပြီး အသင်းအတွင်းရေးမှူး ဦးထွန်းထွန်းက ၂၀၁၃-၂၀၁၄ခုနှစ် ပထမအကြိမ် နှစ်ပတ်လည် အစီရင်ခံစာနှင့်နှစ်ချုပ်ငွေစာရင်း ရှင်းတမ်းအား ဖတ်ကြား ရှင်းလင်းတင်ပြပြီး အစည်းအဝေးတက်ရောက်လာကြသူများထံမှ အတည်ပြုချက်ရယူသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်လက်မှတ်ဖြစ်သည့် အကျိုးအမြတ်မယူသော စီးပွားရေးအသင်းအဖွဲ့ဆုအား တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌ ဦးလှသန်းမှ တိုင်းဒေသ ကြီးငါးလုပ်ငန်းအဖွဲ့ချုပ်သို့ လွဲပြောင်းပေးအပ်သည်။ ထိုနောက် မြိတ်ခရိုင် ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဌနှင့် ဒုတိယဥက္ကဌများက ညီနောင်အသင်းများ၏ ဥက္ကဌများအား ညီနောင် အသင်း အသိမှတ်ပြုလွှာများ အသီးသီး ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက်မှ မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းသို့ အလှူငွေကျပ်သိန်း(၂၀၀) ပေးအပ်လှူဒါန်းသည်။ ယင်းနောက် မြိတ်ခရိုင် ပြည်တွင်းအခွန်များဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ၂၀၁၂-၂၀၁၃ခုနှစ် ဘဏ္ဍာနှစ်အတွက် အခွန်အများဆုံးထမ်းဆောင်ဆု ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မြိတ်ခရိုင်အတွင်း အခွန်အများဆုံးထမ်းဆောင်သူ(၁၆)ဦးအား တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားရုပ်သိမ်းသည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများက မြိတ်ခရိုင် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများအား ကြည့်ရှုအား ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
မြိတ်ပြန်ဆက်

0 comments: