Sunday, June 2, 2013

မြိတ်မြို့၌ ပရိယတ္တိသာသနာ့ပါလ စာမေးပွဲအောင်ဆု ချီးမြှင့်ဆက်ကပ်သည့် ဆုနှင်းသဘင် ကျင်းပ

 ၁၃၇၄ ခုနှစ် ပရိယတ္တိသာသနာ့ပါလ စာမေးပွဲအောင်ဆု ချီးမြှင့် ဆက်ကပ်သည့် ဆုနှင်းသဘင် အခမ်းအနားကို ဇွန်လ (၂)ရက် မွန်းလွဲ (၁) နာရီတွင် မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော်ကြီး ဗုဒ္ဓသာသနာ့ ဗိမ္ဗာန်တော်၌ ကျင်းပခဲ့ရာ စေတီတော် သြ၀ါဒစရိယ ဆရာတော်ကြီးများ၊ စာမေးပွဲ ဦးဆောင်ဆရာတော်များ၊ လေးကျွန်းဆီမီး စေတီတော်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် ဌာနဆိုင်ရာများ၊ တပည့်တကာ တကာမများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ ဖွင့်လှစ်ပြီး တက်ရောက်လာကြသူများက အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ ဂန္တ၀ါစကပဏ္ဍိတ ဘဒ္ဒန္တလာသန လှည်းဘီး ပရိယတ္တိ စာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူကြသည်။ ထို့နောက် ပရိယတ္တိ သာသန ပါလ စာမေးပွဲကော်မတီဥက္ကဌ ဦးလှမောင် က သာသနပါလ စာမေးပွဲကျင်းပရေးနှင့် ပတ်သက်၍ လျှောက်ထားပြီး စာမေးပွဲဖြေဆို အောင်မြင်တော်မူကြသည့် သာသနာ့ အာဇာနည် အရှင်သူမြတ်များအား တုတိ မင်္ဂလာကဗျာဖြင့် စေတီတော် ဥပါသိကာ အဖွဲ့မှ ရွတ်ဆိုပူဇော်ကြသည်။

ဆက်လက်၍ ပရိယတ္တိ သာသနပါလ စာမေးပွဲ အောင်မြင်တော်မူကြသည့် သံဃာတော် ရှင်သာမဏေ နှင့် သီလရှင် စုစုပေါင်း (၃၂) ပါးအား လေးကျွန်းဆီမီး စေတီတော်ကြီး ဂေါပကအဖွဲ့ သာသနာ့ပါလ အသင်းမှ တာဝန်ရှိသူများက အောင်ဆုများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များအား လှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် လှူဒါန်းမှု အစုစုအတွက် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာဂန္တ၀ါစက ပဏ္ဍိတ ဘဒ္ဒန္တကောဏ္ဍည ကန်သာကျောင်း ပရိယတ္တိစာသင်တိုက် ဆရာတော် ဘုရားထံမှ ရေစက်သွန်းချ အမျှဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။


0 comments: