Sunday, June 2, 2013

နယ်လှည့်ဆေးကုသရေးအဖွဲ့ ရွှေပြည်တန်ကျေးရွာတွင် အခမဲ့ဆေးကုသပေး

ကျေးလက်နေ ပြည်သူများ၏ ကျန်းမာရေးအတွက် သံသရာအေး ဘုန်းတော် ကြီးသင် ပညာရေးကျောင်း ဆရာတော်နှင့် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး တို့ဦးဆောင်မှုဖြင့် (၅/၁၀၀) တပ်မတော် ဆေးရုံမှ အထူးကုပါရဂူကြီးများ၊ အထူးကု ဆရာဝန်ကြီးများနှင့် သူနာပြုဆရာ/ ဆရာမများသည် ဇွန်လ (၂ )ရက် နံနက် (၈)နာရီတွင် မြိတ်တောင်ကျေးရွာ အုပ်စု ရွှေပြည်တန် လမ်းမကြီးနှင့် ရာပြည့် (၂)လမ်း ထောင့်အိမ်၌ အခမဲ့ဆေးကုသပေး ခဲ့သည်။

အဆိုပါ ဆေးကုသရေး အဖွဲ့သည် ရွှေပြည်တန်၊ ရာပြည့်၊ အင်းလေးမြိုင်၊ ကုန်းဖောက် ကျေးရွာများမှ ကျေးရွာသူ ကျေးရွာသား (၂၅၈)ဦးအား ကလေးအထူးကု ဆရာဝန်ကြီး၊ မျက်စိအထူးကု ဆရာဝန်ကြီး ၊ သားဖွား မီးယပ်အထူးကု ဆရာဝန်ကြီး၊ အရိုးအထူးကု ဆရာဝန်ကြီး၊ အထွေထွေ ရောဂါကု ဆရာဝန်ကြီး များနှင့် သူနာပြု ဆရာ/ ဆရာမများဖြင့် ကျန်းမာရေး စစ်ဆေးပေးခဲ့ပြီး အခမဲ့ ဆေးကုသ ပေးခြင်းနှင့် လိုအပ်သော ဆေးများကို အခမဲ့ပေးဝေ ခဲ့သည်။ မြိတ်တောင် ကျေးရွာအုပ်စု လမ်းများ ဖွံ့ဖြိုးမှု အကျိုးတော်ဆောင် အဖွဲ့မှ နယ်လှည့် ဆေးကုသရေး အဖွဲ့အား ဆေးဝါးများဝယ်ယူရန် အလှူငွေ (၁)သိန်းကျပ် လှူဒါန်း ခဲ့သည်။

ယင်းသို့ နယ်လှည့် ဆေးကုသရေး အဖွဲ့ ကျန်းမာရေး ဆေးစစ်ပေးပြီး အခမဲ့ ဆေးကုသရာတွင် လာရောက် ဆေးကုသသူများမှ သွေးလွန်တုတ်ကွေး ရောဂါလက္ခဏာ ဖြစ်ပွားနိုင်သော ကလေးငယ် တစ်ဦးကို တွေ့ရှိရ၍ ဆေးကုသပေးပြီး ရောဂါ အခြေအနေများနှင့် ရောဂါဖြစ်ပွားပါက ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး ဆေးကုသမှု ခံယူရန် အထူးကု ဆရာဝန်ကြီးမှ ရှင်းလင်း ပြောကြားခဲ့သည်။ မြိတ်တောင် ကျေးရွာတွင် သွေးလွန် တုတ်ကွေး ရောဂါကာကွယ်ရေး အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ Abate ဆေးခတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ယခုကဲ့သို့ ကျေးလက်နေ ပြည်သူများဆီသို့ အရောက် နယ်လှည့်ဆေးကုသပေး ခြင်းကြောင့် ကျေးလက် နေပြည်သူများ အတွက် များစွာ အကျိုးရှိပြီး ပြည်သူများက ၀မ်းမြောက်ပီတိဖြစ်ရ ကြောင်း သိရသည်။


0 comments: