Friday, June 28, 2013

ကျွန်းစုမြို့နယ် စလွန်အော်ငယ် ကျေးရွာသူတစ်ဦးအား ဖုန်းကံစမ်းမဲပေါက်သည်ဟု ယုံကြည်အောင် ပြောပြီး ငွေ (၁၃)သိန်းကျော် လိမ်လည်ခဲ့


ကျွန်းစုမြို့နယ် ရေမြစ်ကြီး ကျေးရွာအုပ်စု စလွန်အော်ငယ် ကျေးရွာသို့ ရန်ကုန်မြို့မှ နေ၍ ဖုန်းကံစမ်းမဲ ပေါက်သည်ဟု တယ်လီဖုန်းဖြင့် ဆက်သွယ် ပြောဆိုပြီး ငွေကျပ် (၁၃)သိန်းကျော် လိမ်လည် ရယူသွားမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ (၂၆-၆-၂၀၁၃) ရက်နေ့ (၁၁)နာရီ အချိန်ခန့်တွင် ကျွန်းစုမြို့နယ် ရေမြစ်ကြီး ကျေးရွာ အုပ်စု စလွန်အော်ငယ်ကျေးရွာနေ ဦးကြည်လှိုင်၏ နေအိမ်ရှိ စီဒီအမ်အေ ဖုန်း (0973760904) သို့ ရန်ကုန်မြို့နေ ဦးထွန်းခိုင် ဆိုသူမှ ၄င်းမှာ ဆက်သွယ်ရေးနှင့် ဘဏ္ဍာရေး ဌာနမှ အရာရှိ တစ်ဦးဟု ပြောဆိုကာ စီဒီအမ်အေ ဖုန်းနံပတ် 0943144987 ဖြင့် ဆက်သွယ်ခဲ့ကြောင်း၊ ဖုန်းအား ဦးကြည်လှိုင်၏ သမီး ဖြစ်သူ မသီချိုလှိုင် အသက် (၃၃)နှစ်မှ လက်ခံ ပြောဆိုခဲ့ရာ ဦးထွန်းခိုင်ဆိုသူမှ မြန်မာ့ဆက်သွယ်ရေးဌာနမှ ယခုအခါ တယ်လီဖုန်း ဆင်းကတ်များအား (၁၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးနေသဖြင့် ယခင် (၅)သိန်း၊ (၂)သိန်း ကျပ်များဖြင့် ၀ယ်ယူခဲ့သူများ နစ်နာမှု ရှိနေသောကြောင့် တစ်နိုင်ငံလုံးရှိ ဖုန်းနံပတ်များအား ကံစမ်းမဲ ဖောက်ခဲ့ရာ ယခု ဖုန်းနံပတ်ပိုင်ရှင်မှာ ငွေ (၃၂၅) သိန်းကျပ် ကံစမ်းမဲ ပေါက်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံးတွင် (၅) ဦးသာ ကံစမ်းမဲ ပေါက်ကြောင်း ၄င်းငွေများအတွက် အခွန်ငွေ ပေးသွင်းရမည် ဖြစ်သောကြောင်း အခွန်ငွေ အဖြစ် ကျသင့်သော ငွေ (၁၃)သိန်း (၂)သောင်းကျပ်အား ယနေ့ အရောက် ပို့ပေးရန်နှင့် ငွေရောက်ရှိပါက အခွန်ငွေ ပေးသွင်းပြီး ကံစမ်းမဲ ပေါက်ငွေ (၃၂၅) သိန်းအား ပြန်လည်ပို့ပေးမည်ဟု ယုံကြည်အောင် ပြောဆို ခဲ့ကြောင်း သိရှိရပါသည်။

၎င်း၏ ပြောဆိုမှုများအား ယုံကြည်ပြီး မသီချိုလှိုင်မှာ မြိတ်မြို့ရှိ တစ်ရွာတည်းနေ ဆွေမျိုး တော်စပ်သူ ဦးအေးမင်းထံ ဖုန်းဖြင့် ဆက်သွယ်၍ ရန်ကုန်မြို့ MOB ဘဏ (လမ်းမတော်ဘဏ်ခွဲ) သို့ ဦးထွန်းခိုင် ပေးသော ဦးအောင်မျိုးမင်း ၁၄/မမက(နိုင်) 239040 အမည် လိပ်စာဖြင့် ငွေလွဲပို့ပေးရန် ပြောဆို ခဲ့သောကြောင် ဦးအေးမင်းမှာ ယင်းနေ့ (၁)နာရီခွဲ အချိန်ခန့်တွင် မြိတ်မြို့ MOB ဘဏ်မှ ၄င်းလိပ်စာဖြင့် ငွေ (၁၃)သိန်း (၂) သောင်း ကျပ်အား ငွေလွှဲပို့ပေးခဲ့ကြောင်း ၊ နေ့လည် (၂)နာရီ အချိန်တွင် ဦးထွန်းခိုင်မှ ဖုန်းဖြင့် ပြန်လည် ဆက်သွယ်၍ ငွေလက်ခံ ရရှိကြောင်းနှင့် (၂၇-၆-၂၀၁၃) နေ့တွင် ကျွန်းစု ဘဏ်သို့ ကံစမ်းမဲ ပေါက်ငွေများ ပြန်လည် ပေးပို့ပေးမည် ဖြစ်သဖြင့် သွားရောက် ထုတ်ယူရန် ပြောဆိုခဲ့ကြောင်း၊ မသီချိုလှိုင်မှာ ၄င်း၏ မောင်ဖြစ်သူနှင့် အတူ ကျွန်းစုမြို့သို့ ညနေပိုင်းတွင် မေးမြန်း စုံစမ်းရာမှ ၄င်းတို့အား လိမ်လည် သွားခြင်း ဖြစ်နိုင်ကြောင်း သိရှိရသဖြင့် ၄င်းဖုန်းနံပတ်အား ပြန်လည် ခေါ်ဆို ဆက်သွယ်ခဲ့ရာ ဆက်သွယ်၍ မရတော့သဖြင့် မသီချိုလှိုင်မှ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိပါသည်။


0 comments: