Wednesday, June 26, 2013

လယ်ယာမြေ အငြင်းပွားမှုများ အပေါ် မြေယာ ပြန်လည်ရရှိအောင် လုပ်ပေးမည်ဟု ကွန်ယက်နာမည် အမျိုးမျိုး အမည်ခံကာ ငွေကြေးတောင်းခံမှုများ မြိတ်မြို့နယ်အတွင်း ဖြစ်ပေါ်လျက်ရှိ

 
မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ကွန်ယက်အမျိုးမျိုး အမည်ခံပြီး ကျေးရွာများသို့ လာရောက်ကာ ကျေးရွာသားများ၏ ဥယျာဉ်ခြံမြေ ပိုင်ဆိုင်မှု / လုပ်ပိုင်ခွင့် အငြင်းပွားမှု၊ မြေသိမ်းဆည်း ခံနေရမှု များအပေါ် မြေယာ ပြန်လည် ရရှိအောင် လုပ်ပေးမည်ဟု ပြောဆိုကာ ငွေကြေးများ လိမ်မည် တောင်းခံမှုများ ဖြစ်ပေါ်လျက် ရှိသဖြင့် ကျေးရွာသူ/ကျေးရွာသားများ မနစ်နာ စေရေး အတွက် အုပ်ချုပ်ရေး အဖွဲ့အစည်း အသီးသီး အနေဖြင့် ကြိုတင်ကာကွယ်ပေးများ ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိကြောင်း သိရှိရသည်.။


အခု ရက်ပိုင်းအတွင်း မြိတ်မြို့နယ်အတွင်းရှိ စန္ဒ၀တ် ကျေးရွာအုပ်စု ၊ ကျောက်ဖြူတောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများသို့ ရှေ့နေများ ကွန်ယက် အမည်ခံပြီး သိမ်းဆည်းမြေ၊ ပိုင်ဆိုင်မှု အငြင်းပွားနေသော မြေများအား ပြည်လည် ရရှိအောင် ပြုလုပ်ပေးမည် ၊ တရားစွဲ ဆိုနိုင်ရေး ဆောင်ရွက်ပေးမည်ဟု ပြောဆို စည်းရုံး ဆောင်ရွက်ပြီး ငွေကြေးများ တောင်းခံ နေမှု အပေါ် ဒေသခံများ လိမ်လည်မခံရရေးအတွက် အုပ်ချုပ်ရေးအဖွဲ့များက ကာကွယ် ဆောင်ရွက်ပေးစေ လိုကြောင်း ဒေသခံ တစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် မတ်လ (၁၉) ရက်နေ့တွင် ဦးခင်ဇော် ဆိုသူက ဒီလှိုင်းဂျာနယ် သတင်းထောက် အယောင်ဆောင်ကာ သိမ်းဆည်းမြေများ ပြန်လည် ရရှိအောင် ပြုလုပ်ပေးမည်ဟု ပြောဆိုပြီး ပလောက်မြို့နယ်ခွဲ အင်းမကျေးရွာရှိ ရွာသား (၄၇) ဦးထံမှ ငွေကျပ် (၁၄) သိန်း တောင်းခံရယူသွား ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ပုလောမြို့နယ် NLD အဖွဲ့ချုပ်က သတင်းထောက် အယောင်ဆောင် ခင်ဇော် ဆိုသူအား ရဲစခန်းဖွင့် တိုင်ကြားထားခဲ့ကြောင်း သိရှိရသည်။

၂၀၁၂ ခုနှစ် ၊ မေလတွင်လည်း ဟန်ရှင်ဝင်း ဆိုသူတစ်ဦးက  ILO အဖွဲ့မှ Consultant ဖြစ်ကြောင်း ပြောဆိုကာ မြိတ်မြို့ ကျောက်ဖျာ ကျေးရွာ အုပ်စု ကဘင်းကျေးရွာနှင့် မြို့သစ် မြို့ပြ စီမံကိန်း ဧရီယာ အတွင်း ပါဝင်သော မြေယာများအပေါ် သိမ်းဆည်းမြေ ပြန်လည် ရရှိအောင် ပြလုပ်ပေးမည်ဟု ပြောဆိုပြီး လက်မှတ်များ ရေးထိုးစေခြင်း ၊ ငွေကြေးများ တောင်းခံခြင်းတို့ ပြုလုပ်ခဲ့သဖြင့် ဒေသခံများ မနစ်နာစေရေး ခရိုင်အုပ်ချုပ်ရေးအဖွဲ့မှ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ရကြောင်း မြိတ်ခရိုင် ထွေ/အုပ် ရုံးမှ အရာရှိတစ်ဦးက ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းပေးခဲ့သည့် လယ်ယာမြေများနှင့် အခြားမြေသိမ်း သိမ်းဆည်းမှု စုံစမ်းရေး ကော်မရှင် မှ ပုလောမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်လှ ဦးဆောင်သည့် အဖွဲ့ခွဲ (၁၀)သည် ဧပြီလအတွင်း တပ်မတော်က သိမ်းထားတဲ့မြေ၊ မြို့သစ်နဲ့ စက်မှုဇုန် တည်ဆောက်ဖို့ သိမ်းထားတဲ့မြေ၊ နိုင်ငံတော် ဆောက်လုပ်ရေး စီမံကိန်းတွေအတွက် သိမ်းထားတဲ့မြေ၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ စီးပွားရေးလုပ်ငန်းရှင်တွေ သိမ်းယူထားတဲ့မြေများအား စုံစမ်းစစ်ဆေးခဲ့ပြီး မြိတ်ခရိုင်အတွင်း မြေသိမ်းမှု (၂၀) ကျော်ခန့်ကို စစ်ဆေးခဲ့ကာ စုံစမ်း စစ်ဆေးချက်များအား ပြည်ထောင်စု လွှတ်တော်တွင် တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခံသူများ အနေဖြင့် မိမိတို့ နစ်နာချက်များအား ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် သို့ တိုင်ကြားပါက လွှတ်တော်အနေဖြင့်လည်း အရေးယူ စိစစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြိတ်မြို့မှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောကြားခဲ့သည်။


0 comments: