Tuesday, June 4, 2013

တနင်္သာရီတိုင်းဒေသကြီး ( မြိတ်ခရိုင်) ရှေးဟောင်း သမိုင်းဝင် သိမ်များ

မြိတ်ခရိုင်အတွင်းရှိ ရှေးဟောင်းသိမ်များ

ထောင့်ကွာမြို့ (အိန္ဒိယ မဇ္ဈိမ ဒေသ ကောသမ္ဗီ ပြည်မှ ကုန်သွယ်သူများ လာရောက်သဖြင့် ကောသမ္ဗီ ဟုလည်း ခေါ်သည်)တွင် ဗြမုန္ဒရီမင်းမှ စ၍ မင်း ၄၉ ဆက်တိုင် နှစ်ပေါင်း ၂၅ဝ ခန့် အုပ်ချုပ်စိုးစံ ခဲ့ကြပြီးနောက် ပျက်ပြား ခဲ့သဖြင့် တနင်္သာရီမြို့ကို တည်ထောင်ခဲ့ကြသည်။ အနော်ရထာမင်းကြီးက သက္ကရာဇ် (၄၁၉)ခုနှစ်တွင် တနင်္သာရီကို သိမ်းသွင်းနိုင်ခဲ့သည်။ အနော်ရထာမင်းကြီးသည် အင်အားတောင့်တင်းသော နိုင်ငံတော်ကို တည်ထောင်ရန် နိုင်ငံခြားကူးသန်းရောင်းဝယ်ရေး အခြေစိုက်ရာ တနင်္သာရီ (ယခုမြိတ်ဒေသ)၏ တောင်ဘက် ကရားကျွန်းဆက် နေရာကို ချုပ်ကိုင်ထားနိုင်ခဲ့သဖြင့် ပုဂံခေတ် ကာလကပင် ပုဂံသားများ ရောက်ရှိ နေထိုင်ခဲ့ကြသည်။ ပုဂံကောင်းစားစဉ် ရာဇဌာန (၂၈)ပြည် ရှိသည့် အနက် တနင်္သာရီ ပြည်လည်း ပါဝင်သည်။ တနင်္သာရီသည် လေးသိန်းပြုမြို့ ဖြစ်သည်။

ပုဂံခေတ် နရသီဟပတေ့မင်း လက်ထက် သက္ကရာဇ် (၆၃၅)တွင် ဧကဒယ်ရာဇာ မင်းသည် တနင်္သာရီကို သုံးနှစ်တိုင်တိုင် တည်ခဲ့ရသည်။ သက္ကရာဇ် (၆၃၉)ခုနှစ် ရောက်လျှင် ကျောက်တိုင် စတေးပြီးမှ ရေမဖြတ်နိုင်ဘဲ အမြဲ တည်တံ့ခဲ့သည်။ ထောင့်ကွာမြို့ပျက်ပြီးနောက် တနင်္သာရီမြို့ကို ဗာဟိက နောင်တော် စိုးစံချိန် ပဲခူးပြည်က တိုက်ခိုက်သဖြင့် စစ်ရှုံးကာ ဂီဒါပြည် (ယခုမလေးရှား ကျွန်းဆွယ် အနောက်မြောက်ပိုင်း ကေဒါပြည်နယ်) သို့ တိမ်းရှောင်ခဲ့သည်။ ညီတော် ဗာဟိကရာဇာက တောနေလူတို့ကို စုရုံး၍ သက္ကရာဇ် (၇၃၅)က ဆုန်လဆန်း ၅ ရက် နေ့တွင် ထပ်မံပြီး တနင်္သာရီမြို့သစ် တည်သည်။ မြို့ရိုးမှာ အုတ်မြို့ရိုး ဖြစ်၍ ယနေ့တိုင် တွေ့မြင်နိုင်သည်။ တနင်္သာရီမြို့၏ နယ်နိမိတ် များမှာ အရှေ့မြောက် လားသော် ခမောင်းသွယ်ချောင်း (ထားဝယ်ဒေသ၊ မေတ္တာမြို့နယ်)အထိ၊ အရှေ့လားသော် ဝင်းဖလုံးအထိ၊ အရှေ့ တောင်လားသော် သာလင်မြို့ (ဆလင်ဂေါ ပြည်နယ် မလေးရှား) အထိ၊ တောင်ဘက်တွင် ကဆိုင်းလကျွန်း အထိ၊ အနောက်ဘက်တွင် ကွမ်းသီးကျွန်း၊ မြောက်ဘက်တွင် မလိ ငှက်သိုက်ကျွန်း၊ ပဲတံခါး၊ ကျောက်ထရံ၊ ပြည်ခြား၊ မီးလောင်ချောင်း အထိ နယ်အဆုံး ဖြစ်သည်။

အလောင်းစည်သူ ပုဂံပြည့်ရှင်သည် တနင်္သာရီစား စောပဲဖြူ ပုန်ကန်ရာတွင် လာရောက် နှိမ်နင်းပြီးလျှင် ရှင်အရဟံ မထေရ်မြတ်နှင့် သိမ်ကြီး (၁၂) လုံးကို သမုတ်ခဲ့ ပါသည်။ အလောင်းစည်သူ မင်းမြတ်သည် ထိုခရီးစဉ်တွင် ကမ္ဘာကျော် ဗောရောဗုဓု ဘုရားကို တည်ခဲ့ပါသည်။

✥ သိမ်ကြီး (၁၂)သိမ်မှာ ✥
▬ ▬ ▬ ▬ ▬ ▬ ▬ ▬ ▬

▶ (၁) လုံခရမ်းတောင်သိမ်

တနင်္သာရီမြို့အဝင် မြစ်ဖြတ် တံတားကြီး၏ တောင်ဘက်ဂိတ် အနီးရှိ တနင်္သာရီ မြစ်နံဘေးရှိ လမ်းသွယ် အတိုင်း အနောက်ဘက် ၅ ဖာလုံခန့် လျှောက်လျှင် သိမ်တောင်ခြေသို့ ရောက်ရှိသည်။ ရှေးယခင်က မြစ်အတွင်း ဆယ်ယူရရှိသော ကျောက်ပြားကြီး များဖြင့် တောင်ပေါ်သို့ အတက် လှေကားထစ်များ ပြုလုပ်ထားသည်။ ပေ ၁၅ဝ ခန့် အကျယ်ရှိသော တောင်ထိပ်တွင် ရှေးဟောင်း သိမ်ရှိသည်။ ၂ဝဝ၇ခုနှစ် အထိ သိမ်အုတ်ခုံနေရာနှင့် ယင်းသိမ်မြေ အတွင်း၌ ကျိုးပဲ့နေသော ဗုဒ္ဓဆင်းတု ဦးခေါင်းတော်နှင့် ကိုယ်ထည် အပိုင်းအစ များဖြင့် ယိုယွင်းလျက် ရှိသည်။ ယခုအခါ သိမ်အလှူရှင် ပေါ်ပေါက်လာပြီး ပြန်လည် ပြုပြင် တည်ဆောက် ထားရှိသည်။

▶ (၂) သန္တုပ်သိမ်

မြိတ်မြို့ တောင်ဘက်ရေလမ်း ခရီးဖြင့် တနင်္သာရီ မြစ်ကြောင်း အတိုင်း ၁ဝ မိုင်ခန့်တွင် အလောင်းစည်သူမင်း တည်ထားခဲ့သည့် ဇေတဝန်တောင် စေတီအနီးမှ အနောက်ဘက် မြစ်လက်တက်ဖြင့် အနည်းငယ် ချိုးကွေ့သည်နှင့် သန္တုပ်ရွာ(ယခု တောနောက် လယ်ရွာ၊ ကျွန်းစုမြို့နယ်) သို့ ရောက်ရှိသည်။ ယင်းရွာ၏ အနောက်ဘက် လယ်ကွင်း အတိုင်း တစ်မိုင်ခန့်သွားလျှင် ဓနိတောစပ်၌ သန္တုပ် ရှေးဟောင်းသိမ် ရှိသည်။ သိမ်နေရာ အုတ်ခံနှင့် ၁၈ လက်မ x ၉ လက်မအရွယ် အုတ်ကျိုးပဲ့များ တွေ့ရှိရသည်။ သိမ်မြေကွက် အနီးရှိ ဓနိတောကြီး အတွင်း၌ လွန်ခဲ့သည့် နှစ်ပေါင်း ၇ဝဝ ကျော်က စေတီပုထိုး ပျက်များ၊ ဆင်းတုတော်များ နစ်မြုပ်လျက် ရှိသည်။ ယင်းသိမ် အနီး ဝန်းကျင်တွင် ၁၅ ရာစုက ဆင်ထုပ်မြို့ဟောင်း (သန္တုပ်မြို့ဟောင်း) အဖြစ် လူများနေထိုင် ခဲ့ကြောင်းကို မြေအိုးကွဲများ၊ မြေဆေးတံများ၊ ကြွေပုဂံပြား အပဲ့အစများ၊ ရေတကောင်းပဲ့ အစများ မြေသားနေရာ အချို့တွင် ပေါ်ထွက်လျက် ရှိသည်။

▶ (၃) မြိတ်တောင်သိမ်

မြိတ်မြို့ မြိတ်တောင် ကျေးရွာ အုပ်စုတွင် တည်ရှိပြီး မြိတ်လေယာဉ်ကွင်း အနီး အရှေ့သိမ် မိုးကုတ် ဝိပဿနာ ကျောင်းဝန်းအတွင်း တည်ရှိသည်။ သိမ်အဆောက်အအုံကို မူလလက်ရာ မပျက် ပြင်ဆင် ထားသော်လည်း အတွင်းပိုင်း၌ မှန်စီ အုတ်နံရံနှင့် မျက်နှာကြက်တို့ ပြုပြင်ထားသည်။ မူလ ဗုဒ္ဓ ဆင်းတုတော်ကြီး (ဆံကျစ်တော် အချွန်)နှင့် ရဟန္တာပုံတော်တို့ ရှိပြီး အခြား ကုန်းဘောင်ခေတ် ဆင်းတုတော် တို့ကိုလည်း ပူဇော် ထားရှိသည်။ အခြား အထောက်အထား တစ်ခုမှာ ယင်းအရှေ့ သိမ်ကျောင်း အတွင်း၌ နှစ်ပေါင်း ၈ဝဝ ကျော် ခရေပင်ကြီး တစ်ပင် ယခုတိုင် ထီးထီးမားမား ရှိနေသေးသည်။ မူလအရှေ့သိမ်ဆရာတော်ကြီး ကိုယ်တိုင် ပြုပြင် ထိန်းသိမ်းခဲ့သော သိမ်ဖြစ်သည်။

▶ (၄) တောင်ဖီလာသိမ်

မြိတ်မြို့ အရှေ့ဘက် ၁ဝ မိုင်ခန့်အကွာ မြိတ်၊ တနင်္သာရီ၊ ကားလမ်းအနီး ကဟန်း ကျေးရွာ အုပ်စု တောင်ဖီလာ ကျေးရွာတွင် တည်ရှိသည်။ တောင်ဖီလာ ရွာအလယ်ရှိ ဘုန်းကြီးကျောင်း အနီး တောင်ကုန်းမြင့် ပေါ်တွင် တည်ရှိသည်။ ကုလားကျောင်း စေတီပုံစံ တွေ့ရှိရသည်။ မူလလက်ရာ ရဟန္တာ ပုံတော်များ ကျိုးပဲ့နေ၍ သိမ်ကို မူလပုံစံ အတိုင်း မတွေ့ရတော့ဘဲ နှောင်းလူတို့က ပြုပြင် လိုက်ကြသည်။

▶ (၅) ကလင်ဘန်းသိမ်

မြိတ်မြို့ အရှေ့ဘက် ၁၆ မိုင်ခန့် အကွာရှိ အင်္ဂမော် ကျေးရွာအုပ်စု အပိုင် ပိန္နဲတောင် ကျေးရွာအနီး ကလင်ဘန်း ကျေးရွာအဝင် တောင်ကုန်းတွင် တည်ရှိသည်။ ရှေးလက်ရာ မပျက်ရှိပြီး အဆောက်အအုံကို ပြုပြင် ထားရှိသည်။ သေးမား စေတီတော် အမည်ဖြင့် သိမ်အနီးတွင် စေတီတစ်ဆူ တည်ထားသည်။

▶ (၆) တညက်သိမ်

မြိတ်မြို့၊ ကျွဲကူး၊ ကျောက်ဖျာ တံတားမှ ပရည်တောင်ရွာသို့ အသွား ကားလမ်း အနီးတွင် တည်ရှိသည်။ နန်းတော်ရာ ကျေးရွာအုပ်စု၊ တညက်ရွာ၌ မူလရှေးသိမ် နေရာအတိုင်း ထိန်းသိမ်း ထားကြသည်။

▶ (၇) သေးမားတောင်သိမ်

တနင်္သာရီမြို့ ချောင်းငယ် ဘုန်းတော်ကြီးကျောင်း (ဦးအောင်ဇေယျ ယာယီ နန်းစံခဲ့ရာ နေရာ)၏ အရှေ့ဘက် တောင်ကုန်း ပေါ်တွင် မူလလက်ရာ မပျက် တည်ရှိသည်။

▶ (၈) ပုလောနန်းတောင်သိမ်

မြိတ်မြို့မှ ၅၄ မိုင်ခန့် အကွာတွင် ရှိသော မြိတ်-ရန်ကုန် ကားလမ်းမကြီး ဖြတ်သန်း သွားသည့် ပုလောမြို့တွင် ရှိသည်။ပုလောမြို့၏ အရှေ့ဘက် မြို့ဟောင်း ရွာသို့ အသွား နန်းတောင်ရွာ လမ်းနံဘေးတွင် ပုလောနန်းတောင်သိမ် ရှိသည်။ သိမ်အဆောက်အအုံမှာ နှောင်းလူတို့ ပြုပြင်ထား၍ မူလပုံစံ မရှိတော့ချေ။ ဗုဒ္ဓ ဆင်းတုတော်၏ ဆံကျစ်တော်မှာ ခေါင်မိုး ပြုပြင်စဉ် ကျိုးပဲ့သွား၍ သိမ်၏ အရှေ့၌ပင် စေတီတည်၍ ဌာပနာ ထားသည်။

▶ (၉) ပလောက်သိမ်

ပုလောမြို့မှ ရန်ကုန်သို့ အသွားခရီး ၁၆ မိုင်ခန့်အကွာ၌ ပလောက်မြို့ ရှိသည်။ ယင်းရွာ၏ အဝင် လက်ယာဘက် အခြမ်း၌ သိမ်မရှိတော့ဘဲ သိမ်မြေကွက်သာ ရှိတော့သည်။ ပြန်လည် လှူဒါန်း သင့်သည့် သိမ်တော်နေရာ ဖြစ်ပါသည်။

▶ (၁ဝ) သမုတ်ကူးတို့ဆိပ်သိမ်

သမုတ်ကျေးရွာ အုပ်စု သမုတ်မြစ်၏ အရှေ့ဘက်ကမ်း လော့လော့ရွာနှင့် ကပ်လျက် ကူးတို့ ဆိပ်ရွာအနီး တောင်ကုန်းပေါ်တွင် တည်ရှိသည်။ ရှေးက တည်ထားခဲ့သည့် ဗုဒ္ဓ ဆင်းတုတော်နှင့် သစ်လုံး တိုင်ကြီးများလည်း ရှိသေးသည်။ ထူးဆိပ် ဘုန်းကြီးကျောင်း အဝင်ဝတွင် ရှိ၏။ ဆရာတော် အဆက်ဆက် မွမ်းမံ ထိန်းသိမ်း လာခဲ့ကြသည်။

▶ (၁၁) ပြင်ဝန်းသိမ်

မြိတ်ကျွန်းစု ပင်လယ်ပြင်တွင် ရှိသော ကျွန်းစုမြို့နယ် အပိုင် ဇေးကမိ ကျေးရွာအုပ်စုတွင် ပါဝင်သည့် ဖျင်းကန်း (HYPIN GAN) နှောင်းခေတ်အခေါ် ပြင်းဝန်း ကျွန်းတွင် တည်ရှိပြီး သိမ်နေရာသာ ရှိတော့သည်။ ပြန်လည် တည်ဆောက် ကုသိုလ် ယူသင့်ပါသည်။

▶ (၁၂) ပန်းသုံးတောင်သိမ် (ပန်းမွှေးတောင်သိမ်)

ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာ အနီးရှိ ပေ ၁၂၈ဝဝ မြင့်သော ပန်းတောင်ပေါ်တွင် တည်ရှိသည်။ သိမ်ဟောင်း နေရာကို ဓမ္မာရုံ တည်ဆောက်ပြီး စေတီတော် တို့ကို အလှူရှင် များက တည်ဆောက် ထားကြသဖြင့် သိမ်နေရာ မတွေ့ရ တော့ချေ။ ထိုနေရာအနီး ကျောက်တုံး ကျောက်ခုံ အချို့သာ တွေ့ရတော့သည်။ ယခုခေတ် အခေါ်တွင် ပန်းတောင်ကို ပန်းမွှေးတောင်ဟု လူသိများသည်။ မွှေးအီသော ပန်းရနံ့ ရှိသည့် ပန်းပင်များ ပေါက်ရောက် နေပြီး တောင်အောက်သို့ ပန်းပွင့်များ ခူးယူ သွားပါက ပန်းရနံ့များ လုံးဝပျက်ပြယ် သွားသည်။

တနင်္သာရီ ဘုရင် ဗာဟိကရာဇာ ပြန်လည် တည်ဆောက်ခဲ့သည့် သိမ်များသည် သိမ်အဝင်ဝကို အရှေ့အရပ်သို့ မျက်နှာစာ ပြုထားခြင်း၊ ဗုဒ္ဓ ဆင်းတုတော် ကြီး၏ ဥာဏ်တော်မှာ ပလ္လင်ခုံအပါ (၁ဝ)ပေခန့် ရှိခြင်း၊ အရှေ့တွင် ရဟန္တာနှစ်ပါး သို့မဟုတ် တစ်ပါး ထိုင်တော်မူပုံ ပါရှိခြင်းနှင့် သိမ်နယ်နိမိတ် တိုင်မှာ သဘာဝ သက်ရင့် ကျောက်ပြားကြီး များဖြင့် စိုက်ထူထားပြီး သိမ်သမုတ် ခဲ့ကြသည်။ သုဝဏ္ဏဘူမိ သထုံပြည်မှ အရှင်အရဟံ ရဟန္တာ မထေရ်မြတ်ကြီးက အစပြုလျက် ခေတ်အဆက်ဆက် သီဟိုဠ်မှ ကြွတော်မူကြသော ရဟန္တာကြီး (၁ဝ)ပါး တို့သည် ဤတနင်္သာရီ ဒေသကြီးသို့ ထိုစဉ်က ကိုယ်တော်တိုင် ကြွရောက် လာခဲ့ကြပြီး သြဝါဒပေး၍ ဆရာတော်ကြီး များအား ဦးဆောင် သမုတ်စေခြင်းတို့ ရှိခဲ့ကြောင်း အထောက်အထားများ အရ သိရှိရသဖြင့် ယခုသက္ကရာဇ် (၁၃၇၅) ခုနှစ်အထိ နှစ်ပေါင်း ၆၄ဝ နှစ်ရှိပြီ ဖြစ်သော ရှေးဟောင်း သိမ်များကို ပြန်လည် ဖော်ထုတ်ပြုပြင် ကုသိုလ်ယူ နိုင်ပါစေကြောင်း မေတ္တာလောင်း အပ်ပါသည်။ ။

【ဒေါက်တာဖေဥာဏ်】

မြ၀တီသတင်းစာမှ ကူးယူဖော်ပြပါသည်။


0 comments: