Friday, June 28, 2013

မြိတ်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပ

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဆုချီးမြင့်ပွဲ အခမ်းအနားကို ဇွန်လ (၂၆) ရက်နေ့ နံနက် (၁၀း၀၀)နာရီတွင် မြိတ်မြို့ အထက(၁)ပညာ့ ဗိမာန်ခန်းမ၌ ကျင်းပရာ မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ ဌာနဆိုင်ရာများ ၊ ကျောင်းသူ ကျောင်းသားများ စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ကြသည်။


အခမ်းအနားတွင်  မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက  မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုထံမှ ပေးပို့ သည့် သ၀ဏ်လွှာကို ဖတ်ကြားသည်။

ယင်းနောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် အကြောင်းကို မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်က လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် ဆက်နွယ် လာသည့် ဆိုးကျိုးများအပေါ် ကျန်းမာရေး ရှုတောင့်မှ သိကောင်းစရာများကို စိတ်ရောဂါ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ခင်ဇော်က လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ အကြောင်းကို မြိတ်ခရိုင်ဥပဒေ အရာရှိ ဦးလှထွန်းကလည်းကောင်း အသီးသီး ဆွေးနွေး ဟောပြောကြသည်။

ဆက်လက်၍  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲ၌ ခရိုင်အဆင့် ဆုရရှိသူများအား မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိ သူများက ဆုများ ချီးမြင့်ခဲ့ကြကြောင်း သတင်းရရှိသည်။ 




0 comments: