Tuesday, June 18, 2013

မောတောင်နယ်စပ် ကုန်သွယ်ရေးမှာ ထိုင်းဘက်မှ အဆင်သင့် မဖြစ်သေး သောကြောင့် ရေလမ်းခရီးဖြင့်သာ ကုန်သွယ်နေရ

ကုန်းတွင်းနယ်စပ်ဂိတ် တစ်ခုဖြစ်သော မောတောင်နယ်စပ် ကုန်သွယ်ရေးမှ ကုန်သွယ်မှု ပြုလုပ်ရာတွင် ထိုင်းနိုင်ငံဘက်မှ အဆင်သင့် မဖြစ်သေးသော ကြောင့် ရေလမ်းခရီးဖြင့်သာ ကုန်သွယ်မှု ပြုလုပ်နေရဆဲ ဖြစ်ကြောင်း မြိတ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ကုန်းတွင်း နယ်စပ် ဂိတ်များဖြစ်သော ထားဝယ်ခရိုင် အတွင်းရှိ ထီးခီး နယ်စပ်ဂိတ်နှင့် မြိတ်ခရိုင်အတွင်းရှိ မောတောင်နယ်စပ် ဂိတ်များကို မေလအတွင်း ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ကုန်းလမ်းမှ အချိန်တိုအတွင်း ကုန်သွယ်မှု ပြုလုပ်နိုင်သည့် အဆိုပါ နယ်စပ် ကုန်သွယ်ရေး စခန်းများကို ဖွင့်လှစ်ထားသော်လည်း ထိုင်းနိုင်ငံဘက်မှ ကုန်သွယ်မှု ပြုလုပ်ရန် အဆင်သင့် မဖြစ်သေးသောကြောင်း ရေလမ်းခရီးကိုသာ အားထားနေရကြောင်း သိရသည်။

''ကျွန်တော်တို့ဆီမှာ One Stop Service စနစ်နဲ့ ကုန်သွယ်မှု ပြုလုပ်နိုင် အောင် ဆောင်ရွက်ပေးထားပေမယ့် ထိုင်းနိုင်ငံမှာတော့ အဆင့်သင့် မရှိသေးဘူး ဖြစ်နေတယ်။ ကုန်သွယ်မှု ပြုလုပ်ဖို့ နှစ်နိုင်ငံစလုံးက လိုလားနေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ အပတ် ကလည်း ထိုင်းနိုင်ငံက ကုန်သွယ်ရေးဝန်ကြီး အပါအ၀င် လုပ်ငန်းရှင် ၃၆ ဦးက ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်း၊ ထီးခီးနယ်စပ်ဂိတ်နဲ့ မောတောင်နယ်စပ် ဂိတ်တွေကို လာရောက် လေ့လာခဲ့ပါတယ်။

ထိုင်းနိုင်ငံက ကုန်သည်တွေလည်း မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှု ပြုလုပ်ဖို့ စိတ်အားထက်သန် နေပေမယ့် သူတို့မှာ အဆင်သင့် မဖြစ်သေးလို့ တရားဝင် ကုန်သွယ်မှု အနေအထားကို မရောက်သေးတာ ဖြစ်ပါတယ်'' ဟု မြိတ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဇော်မိုးမှ ပြောကြားသည်။

လက်ရှိ အနေအထားများ အရ လမ်းပန်းဆက်သွယ်ရေးကို ကောင်းအောင် လုပ်ထား နိုင်ရန်လိုကြောင်း၊ ကုန်သွယ်မှု အပြန်အလှန် ဆောင်ရွက် လာနိုင်ပါက အဆိုပါ လမ်းအပိုင်းတွင် ဖြတ်သန်းသွားလာမည့် ကုန်ကားကြီးများ၏ အလေးချိန်ကို ခံနိုင်ရည်ရှိမည့် လမ်းများ၊ တံတားများကို ကြံ့ခိုင်အောင် ပြုလုပ်ထားရန် လိုအပ်ကြောင်း အဆိုပါလမ်းပိုင်းတွင် သွားလာနေသူများက သုံးသပ်ခဲ့သည်။

''ထိုင်းနိုင်ငံ၊ ဘန်ကောက်ကို နာရီပိုင်းအတွင်း အသွားအပြန် ကုန်သွယ်မှု ပြုလုပ်နိုင်တဲ့ မောတောင်နယ်စပ် ကုန်သွယ်ရေး စခန်းက အများကြီး အလားအလာ ရှိပါတယ်။ ဘိလပ်မြေတို့၊ ဓာတ်မြေသြဇာတို့ကို ရနောင်းမြို့ကပတ်ပြီး ရေလမ်းကနေ မြိတ်ကို သယ်ယူနေရာကနေ ဘန်ကောက်က မောတောင်ကို တိုက်ရိုက် သယ်ယူနိုင်မှာဆိုတော့ အလားအလာ ကောင်းပါတယ်'' ဟု မြိတ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

EMG
Tuesday, June 18, 2013


0 comments: