Tuesday, May 12, 2015

ဆူနာမီ ကောလဟာလကို စိုးရိမ်နေသူများ ဖတ်ဖို့

ဆူနာမီ ကောလဟာလကို စိုးရိမ်နေသူများ ဖတ်ဖို့
(ဒေါက်တာထွန်းလွင် )

ဘာရင်ကျွန်းဟာ ကပ္ပလီကျွန်းစု အတွင်းရှိ အိန္ဒိယနိုင်ငံက ပိုင်ဆိုင်သော ကျွန်းဖြစ်ပါတယ်။ ကပ္ပလီကျွန်းစုတွင် ပါဝင်သော Port Blair မြို့ရဲ့ အရှေ့မြောက်ဖက် ၁၃၅ ကီလိုမီတာ အကွာမှာ တည်ရှိ ပါတယ်။ ဆူမတြာကျွန်းနဲ့ မြန်မာနိုင်ငံ အကြား တည်ရှိနေသော မီးတောင် အစွယ်တန်း (Volanic arc) တွင် တစ်ခုတည်းသော မီးတောင်ရှင် တစ်ခုဖြစ် ပါတယ်။ မြေအောက် အနက် ၂၂၅၀ မီတာအနက်မှ အထက်မြေပေါ် အမြင့် ၃၅၄ မီတာအထိ ထိုးထွက်နေသော မီးတောင်ရှင်ဖြစ် ပါတယ်။


ဒီမီးတောင်က မီးခိုးငွေ့တွေသာမက မီးပွားတွေပါ ပါဝင်တဲ့ မီးခိုးငွေ့တွေ မီးတောင်ထိပ်ဝက ပန်းထွက်နေတာတော့ အမှန်ပါပဲ။ မီးတောင် ပေါက်ကွဲမှုတွေရဲ့ ရှေ့ပြေး နိမိတ်ပါပဲ။ စိုးရိမ်နေကြတဲ့အတိုင်း မီးတောင်ဟာ ပေါက်ကွဲခဲ့ရင်တော့ မြေငလျင်ကတော့ လှုပ်လာနိုင်ပါတယ်။ ဒါပေမယ့် ဒီငလျင်ကနေ ဆူနာမီဖြစ်ဖို့တော့ လှုပ်တဲ့ ငလျင်ဟာ အချက်(၄)ချက် လိုအပ်တယ်။

(၁) ရေအောက်ငလျင် (Maritime earthquake) ဖြစ်ရမယ်။
(၂) အင်အားက ရစ်ခ်ျတာစကေား (၇)အထက် ပြင်းထန်ရမယ်။
(၃) မြေငလျင် ဗဟိုချက်ဟာ အနက် (၈၀)ကီလိုမိတာ မကျော်တဲ့ အနက်တိမ် ဖြစ်ရမယ်။
(၄) မြေငလျင်လှုပ်လို့ မြေသား တုန်ခါမှုဟာ အထက်အောက် လှုပ်ရှားမှုဖြစ်ရမယ်။ အဲဒီချက် (၄)ချက်နဲ့ ကိုက်မှ ဆူနာမီ ဖြစ်နိုင်တယ်လို့ ကျွန်တော်လေ့လာ သိရှိထားရ ပါတယ်။

အဲ မီးတောင်လည်း တကယ်ပေါက်ကွဲလို့ ... မြေငလျင်လည်း တကယ်လှုပ်လာလို့.. ဆူနာမီလည်း တကယ်ဖြစ်လာလို့.. အဲဒီ ဆူနာမီကလည်း မိမိနေထိုင်ရာ ကမ်းခြေကို တကယ် လာလည်း လာခဲ့မယ်ဆိုရင်.. ခေါင်းထဲမှာ သိထားရမယ့် အသိကတော့  "လှုပ်ကျ၊ အော်၊ ပြေး ဆူနာမီကင်းဝေး" တဲ့။

ဆိုလိုတာက ပထမဆုံး မြေငလျင်လှုပ်မယ် (အားလုံးသိနိုင်တယ်) နောက်ပြီး မိမိနေထိုင်ရာ ကမ်းခြေကို ဆူနာမီရေလှိုင်းတွေ ဦးတည်လာနေပြီဆိုရင် ကမ်းခြေကရေတွေ ကျဆင်းသွားတတ်တယ် (၂၀၀၄ ဒီဇင်ဘာ ဆူနာမီတုန်းက လက်တွေ့ပါ) နောက်ပြီး ရေလှိုင်းတွေ ၀င်လာရင် ပင်လယ်ဖက်က အော်သံတွေ ကြားလာ ရပါ လိမ့်မယ်။ ဒါဆိုရင်တော့ အနည်းဆုံး(၁၀)မီတာ ပေ(၃၀)လောက်မြင့်တဲ့ အမြမ့်တစ်ခု ကိုရောက်အောင်ပြေးပြီး ခိုလှုံပါ။ ဒါဟာ အနှစ်ချုပ်ပါပဲ။

ပြောချင်တာကတော့ Barren ကျွန်းမီးတောင် ဒီလိုဖြစ်နေတာ အကြိမ်ကြိမ်ရှိ ပါပြီ။ လက်လှမ်း မီသလောက်ပြောရရင် 1787, 1789, 1795, 1803-04, 1852(?), 1991, 1994-95, 2005-2006, 2015 စတဲ့နှစ်တွေ ဖြစ်ပါတယ်။ မီးတောင် အကြောင်းကို သိတဲ့ ပညာရှင်ဆိုတာ သပ်သပ်ရှိပါတယ်။ Vocanologist လို့ခေါ်ပါတယ်။

ဒီပညာရှင်တွေက လက်ရှိ Barren ကျွန်းမီးတောင်က မီးခိုးငွေ့တွေ၊ မီးပွားမီးတောက်တွေ မီးတောင်ဝက ထွက်နေတဲ့ အခြေအနေကို Current status: minor activity or eruption warning မီးတောက်ပေါက်ကွဲမှု သတိပေးအဆင့်ဟာ အသေးစား အဆင့်သာ ဖြစ်တယ်လို့ သတ်မှတ် ထားကြောင်း ပါဗျာ...

ဒေါက်တာထွန်းလွင်

0 comments: