Tuesday, May 26, 2015

ဆင်းခွန် အထူးယာယီနယ်စပ်ဂိတ် ဖွင့်လှစ်ပြီးနောက် ထိုင်းနိုင်ငံသားများ မြန်မာနိုင်ငံ သို့ နှစ်ပတ်လာရောက် လည်ပတ်ခွင့် ရရှိသော်လည်း မြန်မာနိုင်ငံသားများ တစ်ညအိပ် နှစ်ရက်ခရီးသာ ထိုင်းဘက်သို့ လည်ပတ်ခွင့်ရရှိ

ဆင်းခွန် အထူး ယာယီနယ်စပ်ဂိတ် ဖွင့်လှစ်ပြီးနောက် ထိုင်းနိုင်ငံသားများ မြန်မာနိုင်ငံ သို့ နှစ်ပတ်လာရောက် လည်ပတ်ခွင့် ရရှိသော်လည်း မြန်မာနိုင်ငံသားများ တစ်ညအိပ် နှစ်ရက်ခရီးသာ ထိုင်းဘက်သို့ လည်ပတ်ခွင့်ရရှိ

ဇော်မိုးဦး ( မြိတ်) ၊ Eleven Media Group

ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခံခရိုင် ဒန်းသိန်ခွန်းရွာရှိ ဆင်းခွန် အထူးယာယီနယ်စပ်ဂိတ်အား ထိုင်းနိုင်ငံမှ ဖွင့်လှစ်ပြီးနောက်တွင် ထိုင်းနိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံ မောတောင်နယ်စပ်ဂိတ်ကို ဖြတ်သန်းပြီး ၁၃ ရက် ညအိပ် ၁၄ ရက်ခရီးကို မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခွင့် ရရှိသော်လည်း မြန်မာနိုင်ငံသားများက ဆင်းခွန်နယ်စပ်ဂိတ်ကို ဖြတ်သန်းပြီး တစ်ညအိပ် နှစ်ရက်ခရီးသာ လည်ပတ်ခွင့် ရရှိကြောင်း သိရသည်။

မြန်မာနိုင်ငံဘက်မှ အမြဲတန်းဂိတ် ဖွင့်လှစ်ထားသည့်အတွက် ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်နှင့် နယ်စပ်ဖြတ်သန်းခွင့် စာအုပ်တွင် ပါသည့်အတိုင်း ခွင့်ပြုပေးလိုက်ရခြင်းဖြစ်ပြီး ထိုင်းနိုင်ငံမှမူ အထူးယာယီနယ်စပ်ဂိတ်အဖြစ်သာ ရှိနေသောကြောင့် တစ်ညအိပ်ခရီးအဖြစ်သာ ခွင့်ပြုရခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံမှ ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံသားတွေကို တစ်ညအိပ်ပဲ ပေးတာကတော့ နည်းလွန်းလှတယ်။ ပြီးတော့ ထိုင်းလ၀ကဂိတ်မှာ ဘတ် ၄၀၀ အပေါင်ထားခဲ့ရပါတယ်။ မြန်မာနိုင်ငံထဲကို ပြန်အ၀င်ကျရင် ဘတ် ၃၀ နုတ်ပြီး ၃၇၀ ပြန်ပေးပါတယ်။ ဖြတ်သန်းခ ဘတ် ၃၀ ပေးရတဲ့ သဘောပါ” လို့ ဆင်းခွန်နယ်စပ်မှ ထိုင်းနိုင်ငံအတွင်းသို့ သွားလာခဲ့သူတစ်ဦးက ဆိုသည်။

ဖွင့်ပွဲနေ့က မြိတ်မြို့သို့ လုပ်ငန်းကိစ္စနှင့် အလည်အပတ်ကိစ္စများဖြင့် သွားရောက်လည်ပတ်သူ ထိုင်းနိုင်ငံသား ၂၈၀ ရှိပြီး မြန်မာနိုင်ငံသား အများအပြားလည်း ထိုင်းနိုင်ငံအတွင်းသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသားများ အားပေးသည့် တစ်ညအိပ် နှစ်ရက်ခရီးမှာ နည်းပါးလွန်းကြောင်း လုပ်ငန်းကိစ္စပဲဖြစ်ဖြစ် အလည်အပတ် ကိစ္စပဲဖြစ်ဖြစ် အနည်းဆုံး နှစ်ညအိပ် သုံးရက်ခရီးကို လောလောဆယ်ပေးထားသင့်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုက ဖွင့်ပွဲမတိုင်မီ ပြောကြားထားခဲ့သည်။ ယာယီနယ်စပ်ဂိတ် အနေအထားတွင် ရှိစဉ်က ဆင်းခွန်ဂိတ်မှ ဖြတ်သန်းပြီး သွားလာရာတွင် မြန်မာနိုင်ငံသားများအား ညအိပ်ခွင့်မပေးဘဲ ညနေ ၅ နာရီ နောက်ဆုံးထားပြန်ရကြောင်း၊ ယခုဂိတ်ဖွင့်ချိန်မှာ နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းဖြစ်ကာ ပရာကျွတ်ခီရီခံခရိုင် အတွင်းရှိ မြို့နယ်ငါးခုသို့ သွားရောက်လည်ပတ်နိုင်ကြောင်း သိရသည်။

“လက်ရှိ ကျွန်တော်တို့ ဆောင်ရွက်နေတာက အပေါင်သဘော ကောက်ခံတာ မရှိပါဘူး။ ထိုင်းနိုင်ငံသား အ၀င်တစ်ဦးကို ဘတ် ၃၀ စီ ကောက်ခံပါတယ်။ ထိုင်းနိုင်ငံသားတွေ အနေနဲ့ မောတောင်ကိုဖြတ်သန်းပြီး မြိတ်မြို့အထိ ၁၃ ညအိပ် ၁၄ ရက်ခရီးကို သွားလာလို့ ရပါတယ်” ဟု မောတောင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှူး ဦးသန်းဝင်းဇော်က ပြောကြားသည်။

မောတောင်နယ်စပ်ဂိတ်နှင့် ဆင်းခွန် အထူး ယာယီနယ်စပ်ဂိတ်မှ မြန်မာနှင့် ထိုင်းနိုင်ငံသားများ ဖြတ်သန်းသွားလာခွင့် ရှိသော်လည်း တတိယနိုင်ငံသားများကို သွားလာခွင့် မပေးသေးကြောင်း သိရသည်။ ထိုင်းနိုင်ငံ၏ လက်ရှိမူဝါဒအရ ဆင်းခွန်ဂိတ်မှာ အမြဲတန်းဂိတ် မဟုတ်သေးဘဲ အထူးယာယီ နယ်စပ်ဂိတ်သာ ဖြစ်သောကြောင့် တစ်ညအိပ်ခရီးသာ ခွင့်ပြုနေရခြင်းဖြစ်ကြောင်း လူဝင်/လူထွက်နှင့် ကုန်စည်စီးဆင်းမှု များပြားလာပါက လေးညအိပ်နှင့် ငါးရက်ခရီးအထိ သွားလာခွင့်ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပရာကျွတ်ခီရီခံခရိုင်ဝန်က ပြောကြားသည်။

0 comments: