Monday, May 11, 2015

ရာဘာခြံ အလုပ်သမား သယ်ဆောင်သည့် ယာဉ်တိမ်းမှောက် (၂)ဦး သေဆုံး

ရာဘာခြံ အလုပ်သမား သယ်ဆောင်သည့် ယာဉ်တိမ်းမှောက် (၂)ဦး သေဆုံး

ရာဘာခြံ အလုပ်သမားများ တင်ဆောင်ပြီး ရာဘာခြံ အလုပ်စခန်းသို့ အလုပ်လုပ်ရန် ပို့ဆောင်စဉ် ယာဉ်တိမ်းမှောက်၍ အလုပ်သမား (၂)ဦး သေဆုံးပြီး (၁၇)ဦး ဒဏ်ရာရရှိခဲ့မှု မြိတ်မြို့ နန်းတော်ရာ ကျေးရွာအုပ်စု ဓါးသွေးကျေးရွာ အနီး တွင် ၂၀၁၅ မေလ ၁၀ ရက်နေ့ ညနေပိုင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဓါးသွေး ကျေးရွာ အနီးရှိ ရွှေပင်လယ် ကုမ္ပဏီမှ ဖောက်လုပ်ထားသော မြေသားလမ်းတွင် ၄င်းကုမ္ပဏီမှ ယာဉ်မောင်း မောင်မျိုး (ခ) မျိုးမင်းဦး ( အသက် (၂၀)နှစ် (ဘ) ဦးမောင်တိုး ) မောင်းနှင်သည့် ယာဉ်အမှတ် 5F/ 6756 ၊ For Land အမျိုးအစား အပြာရောင် ယာဉ်သည် အလုပ်သမား (၃၀)ခန့်ဦး တင်ဆောင်ပြီး ရော်ဘာခြံ အလုပ်စခန်းသို့ ပို့ဆောင် မောင်းနှင်စဉ် ကုန်းအတက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် ဓားသွေးချောင်းထဲသို့ တိမ်းမှောက်သွားကြောင်း ရဲမှတ်တမ်းများ အရ သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ် လိုက်ပါလာသူ အလုပ်သမားများ အနက် လှဒယ် (၂၆)နှစ်၊ နှင့် ဒေါ်ခင်ဌေးမြင့် (၅၀)နှစ် တို့သည် နေရာ၌ပင် သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရသူ (၁၇) ဦးမှာ  မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ကုသခံနေရပြီး ဒဏ်ရာရသူများအနက် (၃)ဦးမှာ (စိုးရိမ်ရ)သည့် အခြေအနေရှိကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ မောင်မျိုး (ခ) မျိုးမင်းဦး အပေါ် ရဲအုပ် ကျော်မိုးမှ တရားလို ပြုလုပ် တိုင်တန်းခဲ့ရာ တောင်းရှည် နယ်မြေ ရဲစခန်းမှ ယာဉ် (ပ) ၃/၂၀၁၅၊ ပြစ်မှု ပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇ ဖြင့် အမှုဖွင့် ထားကြောင်း သတင်းရရှိသည်။



0 comments: