Wednesday, May 27, 2015

မြိတ်ဒေသ မင်္ဂလာဆောင် ဓလေ့



မြိတ်ဒေသ မင်္ဂလာဆောင် ဓလေ့

((((( ရန်ကုန်တက္ကသိုလ် သမိုင်း မဟာဝိဇ္ဇာဘွဲ့ အတွက် ၁၉၉၂ ခုနှစ်တွင် ဒေါ်ရီရီသက် ပြုစုသော ကိုလိုနီခေတ် မြိတ်ခရိုင် သမိုင်း (၁၉၄၁-၁၉၄၈ ) စာတမ်းမှ ကောက်နုတ် ဖော်ပြပါသည်။ ))))

မြိတ်ဒေသ မင်္ဂလာဆောင် ဓလေ့မှာ ထူးခြားသည်ကို တွေ့ရှိရသည်။ ဗုဒ္ဓဘာသာ၏ အဆုံးအမများ၊ နိတိကျမ်းများ၏ အဆိုအမိန့်များကို လိုက်နာကြသည်။ သားပျိုး သမီးပျိုတို့ကို ထိမ်းမြား လက်ထပ် ပေးရာတွင် ဒုတိယ ကမ္ဘာစစ် မဖြစ်မီ အခါကာလကမူ ရှေးအစဉ်အလာများ အတိုင်း မောင်လှယ် နှမလယ် စနစ် ကို ကျင့်သုံး ကြလေသည်။ 




စစ်ပြီးခေတ် နောက်ပိုင်းတွင်မူ သတို့သမီးအား မင်္ဂလာကြေး တင်တောင်းသည့် စနစ်ကို ကျင့်သုံးလာကြသည်။  ထိုသို့ မင်္ဂလာကြေး တင်တောင်း လိုသော သတို့သားသည် မိကောင်း ဖခင် သားသမီး ပီသစွာ မိမိ၏ မိဘများအား ပြောဆို တိုင်ပင်၍ မိန်းကလေး မိဘများထံ သွားရောက် စေ့စပ် တောင်းရမ်းရသည်။ ထိုသို့ တောင်းသောအခါ သတို့သမီးအား မင်္ဂလာဆောင်နှင်းရင် ငွေဖြင့် ၅၀၀၀ သို့မဟုတ် ၇၀၀၀ တင်တောင်းမည်ဟု အတိအလင်း ပြောဆို ကတိပြု ကြရသည်။ 


သတို့သမီး မိဘများက တင်တောင်းလာသော မင်္ဂလာကြေးကို လက်သင့်ခံလျှင်၊ သတို့သမီး မိဘများဘက်က လက်ခံ လိုက်နာသည်ဟု နားလည် ကြရပြီး မင်္ဂလာဆောင်မည့် ရက်ကို ရွေးချယ်သတ်မှတ်ကြသည်။ ထိုဓလေ့ ထုံးစံမှာ လူငယ်ချင်း မေတ္တာမျှသူများအဖို့ အတိုင်းအထက် အလွန် အဆင်ပြေသည်ဟု ဆိုနိုင်သော်လည်း တစ်ခါမျှ မတွေ့ဘူး မမြင်ဘူးကြသူ အချင်းချင်းမှာမူ မိဘများကြောင့် လက်ထပ် ရသောအခါ အဆင်မပြေမှုများ ကြုံတွေ့ရတတ်သည်။ သတို့သမီးနေရာတွင် ချောသူကို ပြပြီး အရုပ်ဆိုးသူနှင့် ပေးစားခြင်း၊ အငယ်ကို ပြပြီး အကြီးကို အိမ်ထောင်ချပေးခြင်း၊ စသည့် အဆင်မပြေမှုများမှာ ထိုကာလများတွင် နှစ်ရာခိုင်နှုန်းမျှ ရှိသည်။

မြိတ်ဒေသ လက်ထပ် မင်္ဂလာပွဲများတွင် မပါလျှင် မပြီးသော အရာဝတ္တု သုံးခုရှိသည်။ မျက်နှာကြက်၊ ကွမ်းမအုပ်၊ လူပျိုဆောင် ၊ အပျိုဆောင်တို့ ဖြစ်ကြသည်။ မင်္ဂလာ အခမ်းအနား ဆင်ယင်ရာတွင် မျက်နှာကြက်သည် အရေးကြီးသည်ဟု ယူဆကြသည်။ လက်ထပ်မင်္ဂလာပွဲကို ခမ်းနားစေရုံ သက်သက် မဟုတ်ပဲ ရှေးအစဉ်အလာကို လိုက်နာကြဟန် တူသည်။ သတို့သားနှင့် သတိုးသမီး ထိုင်မည့် နေရာ၏ အထက် တည့်တည့် ခေါင်မိုးတွင် လေးထောင့်စပ်စပ် အ၀တ်ပိုင်းကြီးတွင် အမြိတ် တစ်ပေခန့်ချ၍ ချိတ်ဆွဲထားရသည်။ လှပစေရန် ပန်းထိုး ၊ ဇာထိုးများဖြင့် ချယ်မှုန်းထားသည်။ ထိုမျက်နှာကြက်ကို အဆင်သင့်ပြုလုပ်၍ ငှားစားသည့် လူများလည်း ရှိသည်။ ငှားခမှာ ကျပ် ၅၀၀ မှ ၁၀၀၀ အထိ ရှိသည်။
ဒုတိယမရှိမဖြစ်သည့် အရာမှာ ကွမ်းမအုပ် ဖြစ်သည်။ ကွမ်းမအုပ်မှာ သုံးပွဲပါရသည်။ ပထမအုပ်မှာ အမိ အဖ အတွက် ၊ ဒုတိယအုပ်မှာ ဘိသိက်ဆရာနှင့် ကွမ်းမအုပ် ပွဲပြင် ဆရာအတွက်၊ တတိယအုပ်မှာ ဆွေမျိုးများ အတွက် ဖြစ်သည်။ မင်္ဂလာမဆောင်မီ တစ်ရက်ကြိုတင်၍ သတို့သားနှင့် မိဘများက အသင့် ပြင်ဆင်ထားသော သတို့သမီး အိမ်သို့ သွားရောက်၍ ကွမ်းမအုပ် စောင့်ရသည်။ ဘိသိက်ဆရာက ဂါထာ မန္တာန် များ ရွတ်ဖတ်စဉ်တွင် ကွမ်းထည့်ဆရာက နှစ်ဘက်သော မိဘ ဆွေမျိုးများ လူအများ၏ ရှေ့တွင် ကွမ်းမအုပ်ကို ကွမ်းသီး၊ ဆေး၊ မြေဇာမြက်၊ အောင်သပြေ ပန်း အသီးသီး ထည့်ရသည်။ ထိုသို့ ထည့်ရာတွင် စည်းကမ်း သတ်မှတ်ချက်များ ရှိသည့် အတိုင်း လိုက်နာရသည်။ ပထမ ကွမ်းအုပ်တွင် ကွမ်းသီး ခုနှစ်ဆယ်၊ ကွမ်းရွက် ခုနှစ်စည်း၊ ကွမ်းရွက် တစ်စည်းလျှင် ကွမ်းရွက် အချပ်ရေ ငါးဆယ် ပါရှိရသည်။ ဒုတိယ အုပ်တွင် ကွမ်းသီး ငါးဆယ်၊ ကွမ်းရွက် ငါးစည်း၊ ကွမ်းရွက် တစ်စည်းတွင် ကွမ်းရွက်ချပ်ရေ ငါးဆယ် ပါရှိသည်။ တတိယ ကွမ်းမအုပ်တွင် ကွမ်းသီး သုံးဆယ်၊ ကွမ်းရွက် သုံးစည်း၊ တစ်စည်းတွင် ကွမ်းရွက် ငါးဆယ် ပါရှိရသည်။ 

 
ကွမ်းမအုပ် သုံးလုံးတွင် ကွမ်းစားရာ၌ ပါရှိသည့် ထုံး၊ ဆေးတစ်ထုပ်၊ ရှားစေးတစ်ထုပ် ၊ ပဒုမ္မာကြာ တစ်ရွက်ကို အောက်မှ ခံ၍ ထည့်ရသည်။ ကွမ်းသီးများ အထက်တွင် မြေဇာမြက်နှင့် အောင်သပြေ စည်းတို့ကို ထည့်ပြီး သောအခါ ပဒုမ္မာကြာရွက်ကို အပေါ်မှ ဖုံးအုပ်ပြီး လှပစွာ ပြင်ဆင်ကြရသည်။ အထက်ဆုံးတွင် ဇာပုဝါ၊ ပိုးပုဝါများ ဖုံးပြီး ကွမ်းမအုပ် ပွဲ ပြင်ဆင်မှုကို အဆုံးသတ် ကြရသည်။ ကွမ်းမအုပ် သုံးအုပ် အပြင် အုန်းခိုင်နှစ်ခိုင်၊ ငှက်ပော နှစ်ပင်၊ မျောက်ဦးခေါင်း အပင်ပေါက် နှစ်ခေါင်း၊ ကွမ်းသီး ပင်ပေါက်နှစ်ပင်၊ အုန်းသီး ပင်ပေါက် နှစ်ပင် ၊ လမုသီး နှစ်လုံး၊ ဓနိသီး နှစ်လုံး၊ မြေခဲ နှစ်ခဲ၊ နာနတ်သီး နှစ်လုံး၊ ဒူရင်းသီး နှစ်လုံး ၊ ဖရဲသီး နှစ်လုံး၊ ကွမ်းရွက် အရွက် တစ်ရာ သို့မဟုတ် ခြောက်ရာ ပါရသည်။ 

ကွမ်းမအုပ် သုံးအုပ် အနက် ပထမအုပ်ကို လက်ထပ် ဘိသိက် သွန်းပြီှးလျှင် ဘိသိက်ဆရာက မိန်းကလေး မိဘများကို ပေးအပ်ရသည်။ ဒုတိယအုပ်မှာ ဘိသိက်ဆရာနှင့် ကွမ်းပွဲ ပြင်သူ အတွက်ဖြစ်သဖြင့် သက်ဆိုင်သူ နျစ်ဦးက ယူကြသည်။ ကျန်တစ်ပွဲမှာ ဆွေမျိုးအုပ် ဖြစ်သဖြင့် သတို့သမီး မိဘများက ဆွေမျိုးများအား ကွမ်းမအုပ်တွင် ပါရှိသည် တို့ကို ဝေငှ ပေးကမ်းရသည်။ 

လူပျိုဆောင် အပျိုဆောင် ဆိုသည်မှာ မြန်မာပြည်မတွင် လူပျိုရံ အပျိုရံ ဟု ခေါ်ဝေါ်ကြသည်။ လူပျိုဆောင် အပျိုဆောင် လုပ်ရသူ နှစ်ဦးမှာ နှစ်ဦး မိဖ စုံညီ သဘောတူ၍ လက်ထပ်ပြီးထားသူ ဖြစ်ရသည့် အပြင် သားဦး မွေးထားပြီး သားသမီး အဆုံးအပါး မရှိသူ ဖြစ်ရသည်။ 

မင်္ဂလာအချိန်တွင် မင်္ဂလာ အခမ်းအနား ကျင်းပရာ ခန်းမသို့   မင်္ဂလာဆောင်မည့် သတို့သား သတို့သမီးက က တစ်စုံတွဲ လူပျိုဆောင် အပျိုဆောင်က တစ်စုံတွဲ တွဲ၍ ထွက်ကြရသည်။ ၄င်းတို့ တာဝန်မှာ လက်ထပ် မင်္ဂလာ အခမ်းအနား ဓလေ့ထုံးစံကို မကျွမ်းကျင်သေးသော သတို့သား သတို့သမီးအား ရှေ့ဆောင် လမ်းပြ အဖြစ် ရှေ့မှ ခေါ်ဆောင်၍ ပွဲထုတ်ပေးရခြင်း ဖြစ်သည်။ ထိုသို့ မထွက်ကြမီတွင် ဘိသိက်ဆရာက သုံးကြိမ် ခေါ်ယူရသည်။ ထိုအခါ လူပျိုဆောင်က သတို့သားအား ခေါ်ယူ၍ လည်းကောင်း၊ အပျိုဆောင်က သတို့သား သမီးအား ခေါ်ယူ၍ လည်းကောင်း ထွက်လာကြပြီး ဘိသိက်ဆရာနှင့် နှစ်ဘက် မိဘ ဆွေမျိုး မိတ်ဆွေများ ရှေ့မှောက်တွင် သတို့သားက လက်ယာဘက်၊ သတို့သမီးက လက်ဝဲဘက်တွင် နေရာယူကြသည်။ ထိုနောက် လက်ထပ်ပွဲကို ဆက်လက်ကျင်းပသည်။ ယင်းသို့  လက်ထပ်ရာတွင် ရှေးက လိုက်နာခဲ့သော စုလျားရစ်ပတ်ခြင်း၊ ဘိသိက် သွန်း ရေစင်သွန်းလောင်းခြင်း၊ ဦးခေါင်းဆေးခြင်းတို့ ပြုလုပ်ပြီးနောက် လက်ထပ်ခြင်း ပြီးမြောက်လေသည်။

((( ဖော်ပြပါ မြိတ်ဒေသ မင်္ဂလာဆောင် ဓလေ့မှာ မြိတ်ဒေသရှိ မြို့ကြီးများတွင် ပျောက်ကွယ်လု နီးပါး ဖြစ်နေပြီး မြိတ်ဒေသ ပတ်ဝန်ကျင် ကျေးရွာများနှင့် တနင်္သာရီ မြို့နယ် ကျေး၇ွာများ၊ ကျွန်းစုမြို့နယ် ကျေး၇ွာများတွင် အဆိုပါ ဓလေ့ အတိုင်း လက်ထပ် ထိမ်းမြားခြင်း ဆောင်ရွက်လျက် ရှိနေသေးသည်ကို တွေ့ရှိသည်။ )))







0 comments: